လှိုင်သာယာတွင်တရုတ်နိုင်ငံသားတစ်ဦးထံကကိုရိုနာဗိုင်းရပ်စ်ရောဂါးပိုးတွေ့ရှိ

လှိုင်သာယာ၊ စက်တင်ဘာ ၂၀/၂၀၂၀

ရွှေလင်ဗန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသားတစ်ဦးထံမှ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိမှု စက်တင်ဘာ ၁၉ ရက်နေ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မှ သိရသည်။

ရန်ကုန် မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ စက်မှုဇုန်(၂)ဒေါ်ဖွားရှင်လမ်းရှိ အထည်ချုပ်စက်ရုံတစ်ခု၌ ၂၀၂၀ခု ဇန်နဝါရီ ၆ ရက်နေ့အထိလုပ်ကိုင်ခဲ့သည့် အဆိုပါတရုတ်နိုင်ငံသားမှာ ဇန်နဝါရီ ၇ ရက်နေ့မှစ၍ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ Hope One အထည်ချုပ်စက်ရုံသို့ပြောင်းရွှေ့ အလုပ်လုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Hope One အထည်ချုပ်စက်ရုံ၌ အလုပ်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား အသက် ၅၀အရွယ် အမျိုးသားမှာ စက်တင်ဘာ ၁၈ ရက်နေ့က နေမကောင်းသဖြင့် အင်းစိန်မြို့နယ်ရှိ Fever Clinic သို့ သွားရောက်ပြသခဲ့ပြီး ၎င်း၏ Swab ယူစစ်ဆေးခဲ့ရာမှ စက်တင်ဘာ ၁၉ ရက်နေ့၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ၎င်းတရုတ်နိုင်ငံသား၌ ကိုရိုနာဗိုင်းရပ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှ သိရသည်။

လှိုင်သာယာတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁ရက်နေ့မှ စက်တင်ဘာ ၁၉ရက်နေ့ထိ ထုတ်ပြန်ချက်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသူ (၁၂၃)ဦး၊ ယနေ့ စက်တင်ဘာလ ၂၀ရက်နေ့ ၅နာရီခွဲအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသူ (၃၀)ဦး ထပ်တိုးသဖြင့် စုစုပေါင်း (၁၅၃)ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံရသူ (၅၅၄၁)ဦး၊ သေဆုံးသူ (၉၂)ဦး၊ ကုသမှုခံယူပြီး ရောဂါပိုး ကင်းစင်လာသူ (၁၂၆၀)ဦး ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ညီညီ(လှိုင်သာယာ)
Top Phoenix Media Group