ရီယိုဖာဒီနန်နဲ့ နီမန်ဂျာဗီဒစ်လို့ပြောလိုက်တာနဲ့ ဒါဟာ တချိန်ကယူနိုက်တက်ရဲ့ တချိန်ကခံစစ်ကျောက်ဆောင်ကြီးဆိုတာ အားလုံးသိကြမှာပါ။ လက်ရှိယူနိုက်တက်ရဲ့ခံစစ်ပိုင်းဟာ ဒီကစားသမားတွေရှိစဉ်က မာကျောခဲ့သလိုမျိုးမဟုတ်တာကြောင့် အသင်းငယ်တွေကတောင် ရှိန်နေတာမျိုးမရှိတော့ပါဘူး။

ဒါ့ကြောင့် ယူနိုက်တက်မှာ ဖာဒီနန်-ဗီဒစ်အတွဲလိုမျိုး ခံစစ်တံတိုင်းကြီးတခု ပြန်လည်ဖန်တီးနိုင်ဖို့ဆိုရင် မက်ဂွိုင်းယားနဲ့တွဲကစားမယ့် ကမ္ဘာ့အဆင့်မီ ဗဟိုနောက်ခံလူတဦးကို မဖြစ်မနေခေါ်ယူသင့်ကြောင်း သရဲနီတို့ရဲ့ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီး ဘာဘာတော့ဗ်ကပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၁၉ခုနှစ်နွေရာသီမှာ အသင်းရဲ့ခံစစ်ပိုင်း ပိုမိုကောင်းမွန်လာဖို့အတွက် အင်္ဂလန်လက်ရွေးစင် ဟယ်ရီမက်ဂွိုင်းယားကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ (ယူရို၁၀၆သန်း)နဲ့ ခေါ်ယူအားဖြည့်ခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ အသင်းရဲ့ယုံကြည်မှုကို အချည်းနှီးမဖြစ်စေခဲ့ပဲ ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့တာကြောင့်၊ ပြီးခဲ့တဲ့ဇန်နဝါရီမှာ အသင်းကထွက်ခွာသွားတဲ့ အက်ရ်ှလေယန်းရဲ့ ကပ္ပတိန်လက်ပတ်ကို ဝတ်ဆင်ကစားခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင်ရာထူး အပ်နှင်းခံခဲ့ရပါတယ်။

သူ့ကို အသင်းရဲ့ခံစစ်မှာ ဗစ်တာလင်ဒီလော့ဖ်နဲ့ တွဲကစားစေဖို့အတွက် နည်းပြဆိုးလ်ရှားကစီစဉ်ခဲ့ပေမယ့် လင်ဒီလော့ဖ်ရဲ့ခြေစွမ်းမတည်ငြိမ်မှုကြောင့် ကမ္ဘာ့အဆင့်မီနောက်ခံလူတဦးထပ်ခေါ်ဖို့ ယူနိုက်တက်ပရိတ်သတ်တွေက တောင်းဆိုခဲ့ကြပါတယ်။

နည်းပြဆိုးလ်ရှားရဲ့အသင်းမှာ လိုအပ်ချက်တွေရှိနေခဲ့ပြီး၊ ဘယ်လိုနေရာတွေကိုအားဖြည့်သင့်သလဲဆိုတာ သရဲနီတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကို မေးမြန်းခဲ့ရာမှာ အသင်းရဲ့ခံစစ်ပိုင်းပိုမိုတောင့်တင်းစေဖို့အတွက် ကမ္ဘာ့အဆင့်မီ ဗဟိုနောက်ခံလူတဦးခေါ်ယူသင့်ကြောင်း အခုလိုပြောသွားခဲ့ပါတယ်။

“ယူနိုက်တက်အသင်း အားဖြည့်ဖို့လိုအပ်နေတာက ခံစစ်ပိုင်းလို့ ကျွန်တော်ထင်တယ်ဗျ။ ဟုတ်ပါတယ်၊ တိတိကျကျပြောရရင် သူတို့ရှာဖွေခေါ်ယူသင့်တာက ဗဟိုခံစစ်မှူးကောင်းတယောက်ပါပဲ။”

“သူတို့အနေနဲ့ ဗဟိုခံစစ်ကစားသမားတယောက် ဝယ်မလား၊ မဝယ်ဘူးလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပေမယ့်၊ ဝယ်လိုက်ရင်တော့ အခုထက်ပိုပြီး ခံစစ်ပိုင်းအားကောင်းလာမယ်လို့ ကျွန်တော်ထင်သလို၊ တသင်းလုံးလည်း ဟန်ချက်ညီလာပါလိမ့်မယ်။”

“ကျွန်တော့်အမြင်ပြောရရင်တော့ သူတို့လိုအပ်နေတာက မက်ဂွိုင်းယားနဲ့ အတွဲညီညီကစားနိုင်မယ့် နောက်ခံလူတဦးပါ။ ဟယ်ရီ(မက်ဂွိုင်းယား)အခုကစားနေရတဲ့ပုံစံက ခံစစ်ပိုင်းတာဝန်အပြင် ကွင်းလယ်ကပေးတဲ့ဘောလုံးကို လက်ခံရယူနေရတာနဲ့ ကွင်းလယ်ကိုပြန်ပြီး ဘောလုံးပေးပို့နေရတာမျိုးပါ။”

“ဒါ့ကြောင့် သူကစားတဲ့ပုံစံက အရင်ကနဲ့မတူတော့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အရင်ကထက်ပိုကောင်းလာတာတော့ အမှန်ပါပဲ။ ယူနိုက်တက်အသင်းလိုအပ်နေတာက ဖာဒီနန်-ဗီဒစ် ခံစစ်အတွဲလိုမျိုး ခံစစ်တံတိုင်းကြီးတခုကို ပြန်လည်ဖန်တီးနိုင်ဖို့ဖြစ်ပါတယ်။”လို့ ဘာဘာတော့ဗ်ကပြောခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအပြောင်းအရွှေ့ရာသီမှာ ယူနိုက်တက်အသင်းရဲ့ ပထမဆုံးခေါ်ယူမှုဖြစ်တဲ့ ပေါင် ၃၅သန်း(ယူရို၄၆)သန်းတန် နယ်သာလန်ကွင်းလယ်လူ ဒွန်နီဗန်ဒီဘိခ်နဲ့ပတ်သက်ပြီး ဘာဘာတော့ဗ်က အခုလိုမှတ်ချက်ပေးခဲ့ပါတယ်။

“ဒီအပြောင်းအရွှေ့ကြောင့် ကွင်းလယ်ကစားသမားတွေ များပြားလာတယ်ဆိုပေမယ့်၊ အသင်းမှာပြိုင်ဆိုင်မှုပြင်းထန်လာစေသလို၊ အလှည့်ကျစနစ်နဲ့ကစားမယ်ဆိုရင်လည်း အသင်းရဲ့ကွင်းလယ်လူတွေ အနားရစေမှာဖြစ်တဲ့အတွက် အရမ်းကောင်းတဲ့လုပ်ဆောင်မှုတခုလို့ ဆိုရမှာပါ။”

“သူတို့အချင်းချင်း ပြိုင်ဆိုင်မှုပြင်းထန်တာကနေ ကစားသမားတဦးချင်းစီရဲ့ အကောင်းဆုံးအရည်အသွေးတွေ ထွက်ပေါ်လာစေပါလိမ့်မယ်။ ဗန်ဒီဘိခ်၊ ပေါလ်(ပေါ့ဂ်ဘာ)နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ ပါဝင်လာမယ့်ကွင်းလယ်ဟာ စိတ်လှုပ်ရှားဖို့ကောင်းမှာ သေချာပါတယ်။”

“လက်ရှိကစားသမားအစုအဖွဲ့ဟာ အရင်ကထက်ပိုပြီး ကျစ်လစ်လာတာကြောင့် ဗန်ဒီဘိခ်ကိုခေါ်ယူနိုင်ခဲ့တာက တကယ်ကိုမှန်ကန်ကောင်းမွန်တဲ့ လုပ်ဆောင်မှုတခုလို့မြင်ပါတယ်။”ဆိုပြီး ဘာဘာတော့ဗ်ကမှတ်ချက်ပေးခဲ့ပါတယ်။

Leave a Comment

Your email address will not be published.