အတော်များများသော ဘောလုံးပရိတ်သတ်တွေကတော့ ရော်နယ်ဒိုရဲ့အကောင်းဆုံးကာလတွေဟာ ရီရဲလ်အသင်းမှာ ကစားခဲ့တဲ့ ၉နှစ်တာကာလို့ ယူဆထားကြပါတယ်။ပေါ်တူဂီဂန္တဝင်ကလည်း အဲလိုယူဆရလောက်အောင်ကိုပဲ ရီရဲလ်အသင်းအတွက် မယုံနိုင်စရာကောင်းလောက်အောင်များပြားတဲ့ သွင်းဂိုးတွေသွင်းယူပေးခဲ့နိုင်တာပါ။၄၃၈ပွဲ ကစားပြီး ဂိုးပေါင်း ၄၅၀သွင်းယူနိုင်ခဲ့တယ်ဆိုတာကတော့ တကယ့်ကို မယုံနိုင်စရာပါ။ရော်နယ်ဒိုဟာ သူရရှိခဲ့တဲ့ Ballon d’Or ၅ကြိမ်ထဲက ၄ကြိမ်ကို ရီရဲလ်အသင်းမှာ ကစားခဲ့တဲ့ကာလအတွင်း ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံး Ballon d’Orကိုတော့ ၂၀၀၈ခုနှစ် မန်ယူနိုက်တက် ကစားသမားဘဝမှာ ရရှိခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်းကို ရောက်လာကာစက တကယ့်ကို ကြွစောင်းစောင်း လူငယ်လေးတဦးဖြစ်ပေမယ့် ယူနိုက်တက်နည်းပြဖာဂူဆန်ရဲ့ လက်အောက်မှာ ရင့်ကျက်တည်ငြိမ်တဲ့လူကြီးတယောက်အဖြစ်ကို ကူးပြောင်းလာနိုင်ခဲ့တာပါ။သူဟာ မန်ယူနိုက်တက်အသင်းမှာ ၂၀၀၃ခုနှစ်ကနေ ၂၀၀၉ခုနှစ်ထိ ၆ရာသီကြာ ကစားသွားခဲ့ပြီးနောက်မှာတော့ စပိန်ဘီလူးကြီး ရီရဲလ်မက်ဒရစ်အသင်းထံ စံချိန်တင်ပြောင်းရွှေ့ကြေးတရပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။သူ့ရဲ့အရည်အသွေးနဲ့ ပါရမီကတော့ မန်ယူနိုက်တက်နဲ့ ပွဲဦးထွက်ကတည်းက ပြသနိုင်ခဲ့တာပါ။ မန်ယူနိုက်တက်ပရိတ်သတ် တော်တော်များများကတော့ ဘော်တန်နဲ့ပွဲမှာ လူစားဝင်လာကာ ပွဲဦးထွက်ခြေစွမ်းပြသခဲ့သူ့ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ဒါပေမယ့် သူ့ရဲ့ ပထမဆုံး ၃ရာသီလောက်ကတော့ သူ့ရဲ့အသင်းဖော်တွေနဲ့ရော ပရိတ်သတ်တွေနဲ့ပါ အဆင်မပြေဖြစ်ခဲ့တာပါ။ သူကိုယ်တိုင်ကလည်း သူ့အသင်းဖော်တွေရဲ့ ကစားပုံကို စိတ်ပျက်နေခဲ့တာလည်း ပါပါတယ်။

အထူးသဖြင့် ရုဗန်နစ္စတယ်ရွိုင်းကိုပါ။ ဒေးဗစ်ဘက်ခမ်းရဲ့ အကောင်းမွန်ဆုံးဖြတ်တင်ဘောတွေကို အသာအယာပိတ်သွင်းပြီး ဂိုးတွေသွင်းယူနေတဲ့ နစ္စတယ်ရွိုင်းအတွက်ကလည်း ရော်နယ်ဒိုလို လိမ်ခေါက်နေတဲ့ ကစားသမားနဲ့ တွဲကစားရတာ တကယ့်ပြဿနာပါပဲ။ရော်နယ်ဒိုရဲ့ငယ်ဘဝကို ပြန်ကြည့်မယ်ဆိုရင် သူဟာ ပြိုင်ဘက်နောက်ခံလူတွေကို လိမ်ခေါက်၊ အရူးလုပ်ပြီး ဂိုးသွင်း၊ ဂိုးဖန်တီးရမှ စားဝင်အိပ်ပျော်တဲ့သူ။ နစ္စတယ်ရွိုင်းနဲ့ ဘယ်ကိုက်မလဲ။ဘောလုံးစကေးပိုင်းမှာတော့ အိပ်မက်ပြဇာတ်ရုံကြီးထဲမှာ ကစားခဲ့ဖူးတဲ့ ကစားသမားအားလုံးနီးပါး သူ့ကိုမယှဉ်နိုင်ဘူးဆိုတာ ပရိတ်သတ်အားလုံးလက်ခံမှာပါ။လက်ရှိနှစ်အပိုင်းအခြားလောက်မှ ဘောလုံးပွဲတွေကို စိတ်ဝင်စားတဲ့လူဆိုရင်တော့ ရော်နယ်ဒိုဆိုတာ ဂိုးသွင်းကောင်းတဲ့သူလို့ပဲ သတ်မှတ်မှာပါ။ ဒါပေမယ့် ရော်နယ်ဒိုဆိုတာ ငယ်ရွယ်စဉ်က ဂိုးသွင်းတာထက်မိုက်တဲ့ အလန်းစားစကေးတွေ ကြွယ်ခဲ့တဲ့သူတဦးပါ။

လက်ရှိဆိုရှယ်မီဒီယာပေါ်မှာ ရော်နယ်ဒိုရဲ့ဟိုက်လိုက်ဗွီဒီယိုလေးတခုခေတ်စားနေပါတယ်။ အဲဒိဗွီဒီယိုလေးထဲမှာ မာဒီနီ၊ နက်စတာအစရှိတဲ့ ဘောလုံးလောကရဲ့ မဟာတံတိုင်းကြီးတွေလို့ သတ်မှတ်ထားတဲ့ ဂန္တဝင်နောက်ခံလူကြီးတွေကို နောက်ကောက်ကျသွားအောင် စကေးပြခဲ့တဲ့ ရော်နယ်ဒိုလေးကို တွေ့မြင်ခဲ့ကြရပါတယ်။အချို့ဟာတွေက တကယ့်ကိုရယ်စရာကောင်းပါတယ်။ ပွဲချိန်အတွင်းမှာ လှည့်ကွက်စကေးမျိုးစုံသုံးပြီး မဟာဂန္တဝင်နောက်ခံလူတွေကို ကျော်ဖြတ်ပြခဲ့တာပါ။ဘာမှမတတ်နိုင်ပဲ မြက်ခင်းစိမ်းပေါ် မှောက်လျက်လဲခဲ့ကြတဲ့သူတွေဆိုတာလည်း ဒုနဲ့ဒေးပါပဲ။မြန်ဆန်လှတဲ့ သူ့ရဲ့အမြန်နှုန်းရယ်၊ ကျွမ်းကျင်လှတဲ့ စကေးရယ်ပေါင်းစပ်မှုရယ်ကြောင့် နောက်ခံလူတွေအတွက် ထိန်းမနိုင်၊သိမ်းမရနဲ့ အိပ်မက်ဆိုးတခုလို ဖြစ်ခဲ့ကြရတာပါ။အခုအချိန်မှာတော့ သူဟာ အရင်လို မလိုလားအပ်တဲ့ အားထုတ်မှုမျိုးတွေထက် အနိုင်သေချာမယ့် သွင်းဂိုးတွေကို ပိုမိုအာရုံစိုက်လာတယ်ဆိုတာ သူ့ရဲ့များပြားလှတဲ့ သွင်းဂိုးတွေက သက်သေခံနေခဲ့ပါတယ်။

ဒါကြောင့် ရီရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်က ရော်နယ်ဒိုက အသင်းအတွက် ပိုပြီးအကျိုးဖြစ်ထွန်းတဲ့ ကစားသမားဖြစ်ပေမယ့် မန်ယူနိုက်တက်တုန်းက ရော်နယ်ဒိုက ပိုပြီး ဘောလုံးရသပေးနိုင်တတယ်ဆိုတာကတော့ အသေအချာပါပဲ။ပရိတ်သတ်ကြီးရဲ့အမြင်မှာရော ရော်နယ်ဒိုရဲ့ ဘယ်ကစားဟန်ကို ပိုပြီးနှစ်သက်သလဲ မှတ်ချက်ပေးသွားခဲ့နိုင်ပါတယ်။

Leave a Comment

Your email address will not be published.