အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာ ကစားသမားသစ်လေးဦးအထိ ခေါ်ယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားနေရာကိုပါ အပြောင်းအလဲပြုလုပ်ဖို့ စတင်နေပြီလို့ သိရပါတယ်။ အသင်းတာဝန်ရှိသူတွေက ဆိုးလ်ရှားကို အပြည့်အဝထောက်ခံပေးထားတယ်လို့ ဆိုပေမယ့်လည်း အခုအခါမှာတော့ နည်းပြသစ်ရှာဖွေနေတဲ့သတင်း ထွက်ပေါ်လာခဲ့တာပါ။Daily Star နဲ့ Daily Mail တို့ရဲ့ ဖော်ပြချက်အရ စပါးနည်းပြဟောင်းပိုချက်တီနိုကို ခေါ်ယူဖို့ ယူနိုက်တက်တာဝန်ရှိသူတွေက ဆက်သွယ်နေတယ်လို့ သိရပါတယ်။ စပါးကို ၆-၁ နဲ့ အိမ်ကွင်းမှာ အရှက်ရဖွယ်အရေးနိမ့်ခဲ့အပြီး ဆိုးလ်ရှားရဲ့ ထိုင်ခုံက လှုပ်ခတ်လာခဲ့တာဖြစ်ပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ ပိုချက်တီနိုက ရွေးချယ်ချင်စရာ နည်းပြတစ်ဦးဖြစ်လာခဲ့ပါတယ်။ဒီရာသီ အိမ်ကွင်းပွဲနှစ်ပွဲစလုံးကို ဂိုးပြတ်ရှုံးထားခဲ့ပြီး ပေးဂိုး ၉ ဂိုးအထိ ရှိခဲ့ပြီးနောက် ဆိုးလ်ရှားအပေါ် ဝေဖန်မှုတွေကလည်းမြင့်တက်လာခဲ့ပါတယ်။ ပွဲချိန်တွင်းအလှည့်အပြောင်း၊ ကစားသမားတွေကို စီမံခန့်ခွဲမှု၊ ပွဲထွက်လူစာရင်းပိုင်းကို လိုအပ်သလိုမစီမံနိုင်တဲ့အပေါ် ပရိသတ်တွေက ထောက်ပြဝေဖန်ခဲ့ကြပြီး အသင်းကိုဦးဆောင်ပေးနိုင်မယ့်သူမဟုတ်ဘူးလို့ ယူဆချက်တွေလည်းရှိလာခဲ့ပါတယ်။အာဂျင်တီးနားလူမျိုးနည်းပြပိုချက်တီနိုကတော့ စပါးအသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက နည်းပြအဖြစ်မပြုလုပ်ဘဲ အနားယူနေခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့လိုအသင်းတွေနဲ့ပါ ပိုချက်တီနိုက သတင်းတွေထွက်ခဲ့ဖူးပေမယ့်လည်း နည်းပြအဖြစ်နဲ့တော့ မဖြစ်လာခဲ့ဘဲ အခုတစ်ကြိမ်မှာလည်း ယူနိုက်တက်နဲ့သတင်းတွေထွက်လာခဲ့လို့ စောင့်ကြည့်ချင်စရာတော့ ကောင်းလာခဲ့ပါတယ်။

Leave a Comment

Your email address will not be published.