ပြီးခဲ့တဲ့အပတ်တနင်္ဂနွေ စပါးကို ၆-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ပထမပိုင်းပြီးချိန်မှာ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ သူ့မန်ယူအသင်းဖော်တွေကို ပြစ်တင်ပြောကြားခဲ့သလို ဆိုးလ်ရှားရဲ့နည်းဗျူဟာပိုင်းတွေကိုလည်း မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပွဲမှာ ဖာနန်ဒက်စ်ဟာ အစောပိုင်းပင်နယ်တီနဲ့စတင်ဦးဆောင်စေခဲ့ပေမယ့် မာရှယ်အထုတ်ခံရမှုနဲ့အတူ ပထမပိုင်းပြီးချိန်မှာ ၄-၁ နဲ့ရှုံးနေခဲ့တာပါ။အဆိုပါဖြစ်ရပ်နဲ့ပါတ်သတ်ပြီးမန်ယူနည်းပြဆိုးရှားက ပထမပိုင်းအပြီးမှာဖာနန်ဒက်ကိုလူစားလဲခဲ့ရခြင်းမှာ ပွဲပန်းမှာစိုးလို့ဖြစ်ကြောင်းရှင်းလင်းခဲ့ပါတယ်။

ပထမပိုင်းပြီးတော့ ၂၆ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ ဥမင်ထဲကို ဒေါနဲ့မောနဲ့ဝင်သွားပြီး အဝတ်အစားလဲခန်းထဲမှာ သူ ဒေါသတကြီးနဲ့ပြောနေတဲ့အသံကိုကြားရတယ်လို့ မန်ယူအတွင်းလူတစ်ယောက်က Daily Mirror သတင်းစာကို ပြောခဲ့တာပါ။ ”ကျွန်တော်တို့မကြားချင်လည်း ကြားနေရတာပါ။ ဒေါသထွက်နေတဲ့မျက်နှာနဲ့ ဥမင်ထဲကို သူပြေးဆင်းသွားတယ်။ မန်ယူဆိုတဲ့နာမည်ကို မထိန်းသိမ်းနိုင်ရကောင်းလားဆိုပြီး သူ့အသင်းဖော်တွေကို ပြစ်တင်စွပ်စွဲပါတယ်။ ငါတို့ဟာ မန်ယူဖြစ်တယ်။ ဒါမျိုး မဖြစ်သင့်ဘူးလို့ သူအော်နေတာပါ။ ပြီးတော့ သူက ပွဲချဉ်းကပ်ပုံမှားကြောင်း ဆိုးလ်ရှားကိုလည်း ပြောခဲ့ပါသေးတယ်။ တခြားခပ်ကျယ်ကျယ်အသံတွေကိုလည်း ကြားရပေမယ့် ဖာနန်ဒက်စ်ကသာ အကျယ်ဆုံးပါ”လို့ မန်ယူအတွင်းလူတစ်ယောက်က ဆိုခဲ့တာပါ။

ဒုတိယပိုင်းမစခင်မှာပဲ ဖာနန်ဒက်စ်ဟာ ဖရက်ဒ်နဲ့လူစားလဲခံခဲ့ရပြီး သူမပါတဲ့ဒုတိယပိုင်းမှာ မန်ယူဟာ ၂ ဂိုးထပ်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ မန်ယူအသင်းတာဝန်ရှိသူတစ်ယောက်က ”ခိုက်ရန်ဖြစ်တာ မရှိပါဘူး။ ကစားသမားတွေဟာ သူတို့ရဲ့အမြင်တွေကို မကြာခဏဖွင့်ပြောတတ်ပါတယ်”လို့ အခိုင်အမာဆိုခဲ့ပါတယ်။

နောက်ဆက်တွဲသတင်းတွေအရ ဖာနန်ဒက်စ်ဟာ သူ့ကို လူစားလဲတာနဲ့ပတ်သက်လို့ မကျေနပ်ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ မန်ယူအတွင်းလူကတော့ ဖာနန်ဒက်စ်ဟာ ပွဲဆက်တွေများနေလို့ ဆိုးလ်ရှားက သူ့ကို မထိခိုက်အောင်လုပ်ပေးချင်တဲ့သဘောပါလို့ ဆိုခဲ့ပါတယ်။

Leave a Comment

Your email address will not be published.