ယူနိုက်တက်မှာ ဗိုင်းရပ်စ်တွေအတွက် နေရာမရှိ

မန်ယူအသင်းမှာ ပေါ့ဂ်ဘာမပျော်တော့ပြန်ဘူးလား။ ပေါ့ဂ်ဘာနဲ့ မန်ယူတို့ ရှေ့ဆက်ပြီး ဘယ်လိုနှစ်ပါးသွားကြမလဲ။ ဝက်စ် ဘရွမ်းနဲ့ပွဲမှာ အရန်ခုံတောင် ပါဝင်လာခဲ့ခြင်းမရှိတဲ့ အနေအထားက ပေါ့ဂ်ဘာရဲ့ အခြေအနေကို မီးမောင်းထိုးပြနေပါတယ်။ တကယ် ဆိုရင် မန်ယူအသင်းကို သူပြန်ရောက်လာခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစပြီး ပေါ့ဂ်ဘာနဲ့ ပတ်သက်ပြီး မန်ယူပရိသတ်တွေ ဘယ်တော့မှ ရတက်မအေးခဲ့ရပါဘူး။

ပေါ့ဂ်ဘာဟာ ကမ်္ဘာ့အဆင့် ခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားပေမယ့် စိတ်ဓာတ်ပိုင်းက အပျော်တမ်းသမားတစ် ယောက်သာသာပဲလို့ ဝေဖန်သူတွေရဲ့ စွပ်စွဲချက်ကလည်း လက်တွေ့မှာ မလွန်ပါဘူး။ ပေါဂ်ဘာကြောင့် မန်ယူအသင်း အကျိုးရခဲ့တာ တွေ့ရှိပေမယ့် မျှော်မှန်းနေတဲ့ အရင်လိုအဆင့်မျိုး ပြန်ရောက်လာဖို့အတွက် ပေါ့ဂ်ဘာကပဲ ဆူးငြှောင့်အဖြစ် ရှိနေတာပါ။

ဖာဂူဆန် အမြော်အမြင်ရှိရှိ စွန့်ပစ်လိုက်တဲ့ ကစာသမားကို အားကိုးတကြီး ပြန်ခေါ်ခဲ့ရတဲ့ မန်ယူရဲ့ဖြစ်ရပ်က ဆွေးမြေ့စရာပါ။ မန်ယူရဲ့ဖြစ်ရပ် က ဆွေးမြေ့စရာပါ။ မော်ရင်ညိုကတော့ မန်ယူကနေ ထွက်သွားရတဲ့အခါ ပေါ့ဂ်ဘာဟာ ဗိုင်းရပ်စ်၊ အသင်းကိုဖျက်ဆီးတဲ့ကောင် ဆိုပြီး သမုတ်ခဲ့ပါတယ်။ ယူနိုက်တက်မှာ ဗိုင်းရပ်စ်တွေကို ဘာကြောင့် နေရာပေးနေရဦးမှာလဲ။

၂၀၁၆ ခုနှစ် နွေရာသီမှာ မန်ယူဟာ ပေါ့ဘာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး စိန်စီလမ်းကို ခင်းခဲ့ပါတယ်။ သားမိုက်တစ်ယောက်ရဲ့ အိမ်ပြန်လမ်းက နွေးထွေးမှေုတွေနဲ့ ဒရာမာဆန်လွန်းခဲ့တာပါပဲ။ သူ့အနေနဲ့ အိမ်ကို အမြဲတမ်းပြန်လာချင်ခဲ့ ကြောင်း ပေါ့ဂ်ဘာက ဖွင့်ဟခဲ့တယ်။ ပေါ့ဂ်ဘာ ညွှန်းဆိုတဲ့အိမ်ဆိုတာ မန်ယူအသင်းပါပဲ။


ဒါပေမဲ့ ဒီဇာတ်လမ်းမှာ ဘယ်သူက ဗီလိန်ဖြစ်ခဲ့သလဲ။ မော်ရင်ဟိုနောက်ကျောက ဓားချက်တွေကို ဆွေးမြေ့စွာ ငေးမောရင်း မန်ယူဟာ နောက်ဆုံးတော့ အထည်ကြီးပျက်ဘဝကို ပြန်ရောက်သွားခဲ့ရတာပါပဲ။ မန်ယူအသင်းမှာ မော်ရင်ဟို ရင်နာခဲ့ရတဲ့သူတွေထဲ ပေါ့ဂ်ဘာလည်း တစ်ယောက်အပါအဝင်ဖြစ်မှာပါ။ ဒါကြောင့် ပေါ့ဂ်ဘာကို ဗိုင်းရပ်စ်၊ အသင်းကိုဖျက်ဆီးတဲ့ကောင်လို့ နာနာကျည်း ကျည်း ခေါ်ခဲ့တာဖြစ်နိုင်ပါတယ်။ မော်ရင်ဟိုအနေနဲ့ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်ခံရတာများလား။

ပေါ့ဂ်ဘာနဲ့ ပတ်သက်ပြီး မန်ယူပရိသတ်တွေ အဓိက စိတ်တိုင်းမကျတာ စိတ်ဓာတ်ပိုင်းပါ။ အသက် ၁၁ နှစ်အရွယ်ကတည်းက မန်ယူမှာ ကျင်လည်ခဲ့ရတဲ့ ပေါ့ဂ်ဘာဆီမှာ ယူနိုက်တက်အသွေးအသားတွေ လုံလုံလောက်လောက် ရှိမနေခြင်းက မန်ယူပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ အသင်းရလဒ်တွေ ကောင်းနေရင် ပေါ့ဂ်ဘာဟာ လိုက်ကောင်းတတ်ပြီး အသင်းက ဘေးတစ်ခု ကြုံလာတိုင်း ပေါ့ဂ်ဘာဟာ ရှောင်ပြေးနေတတ်ပါတယ်။

နောက်ပြီး မန်ယူအသင်းကို လူသိရှင်ကြား ပြန်ဝေဖန်တာ၊ အပြောင်းအရွှေ့ ဈေးကွက်တွေမှာ စိန်ခေါ်မှုအသစ် ရင်ဆိုင်ချင်တယ်ဆိုပြီး မန်ယူကနေ ထွက်ခွာမယ့်စကားတွေ ပြောနေတာမျိုးက ပရိသတ်တွေအမြင် မှာ မျက်မုန်းကျိုးပြီး ဗိုင်းရပ်စ်ဆန်နေတာမျိုးပါ။ ဒီတစ်ပတ် ပြင်သစ်နဲ့သွားပူးပေါင်းတဲ့အချိန် ပေါ့ဂ်ဘာရဲ့ပြောစကားတွေက မန်ယူ ပရိသတ်တွေရင်ထဲ ဒဏ်ရာကို ဆားနဲ့ပက်လိုက်သလိုပါပဲ။

““ပြင်သစ်အသင်းကိုလာရင် ကျွန်တော်တို့ ပျော်ရွှင်နေကြရပြီ။ ဒီမှာက ကလပ်အသင်းနဲ့ မတူဘူး။ မိသားစုပိုဆန်ပါတယ်””လို့ ပေါ့ဂ်ဘာက ဖွင့်ဟခဲ့ပါတယ်။ မန်ယူမှာထက် ပြင်သစ်မှာ ပိုပျော်တယ်လို့ အဓိပ်္ပာယ်ရပြီး မပြောသင့်တဲ့စကားကို နှုတ်မစောင့်ဘဲ ချိုးဖောက်လိုက်ခြင်းလည်း ဖြစ်ပါတယ်။


ဒါပေမဲ့ တစ်ဖက်မှာတော့ ပေါ့ဂ်ဘာဟာ သူစိတ်ပါတဲ့ပွဲတွေမှာ ခြေစွမ်းက ကောင်းသလောက် စိတ်မပါဘူးဆိုရင် တစ်ကွင်းလုံးရှာလို့မရအောင် ပျောက်နေတတ် ပါတယ်။ တချို့ပွဲတွေမှာ ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိ။ ရပ်ကွက်ဆန်ဆန် ပြောရရင်တော့ ဆိုက်ဒ်ပိတယ်ပေါ့။ ပေါ့ဂ်ဘာဟာ ကွင်းလယ်မှာ ဘောလုံးကိုင်လွန်းပြီး ပရီးမီးယားလိဂ်နဲ့ မလိုက်ဖက်တဲ့ ပုံစံမျိုးတွေလည်း တွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးတွေကပဲ ပေါ့ဂ်ဘာကို တဖြည်းဖြည်းနဲ့ ဆွဲချခဲ့တာဖြစ်တယ်။

ဒါကြောင့်ပဲ အရင်က မန်ယူနဲ့ပေါ့ဂ်ဘာဖြစ်ရပ်မှာ ဟိုဘက်၊ ဒီဘက် ရပ်တည်သူ နှစ်ခြမ်းကွဲနေတတ်တဲ့ အခြေအနေကနေ လက်ရှိမှာ ပေါ့ဂ်ဘာဘက်က ရပ်တည်သူ နည်းပါးလာတာ တွေ့ရပါတယ်။ ဒါက မန်ယူ ပရိသတ်တွေကိုယ်တိုင်က ပေါ့ဂ်ဘာ ဗိုင်းရပ်စ်တစ်ကောင်ဆိုတာ လက်ခံလိုက်တဲ့ သဘောပါပဲ။

ပေါ့ဂ်ဘာဟာ စိတ်ခံစားချက်ကို ဦးစားပေးသူ၊ စိတ်ခံစားချက်အတိုင်း ရွက်လွှင့်တတ်သူ။ ဒါကြောင့် မန်ယူနဲ့ဖြစ်တဲ့ ပြဿနာ တွေမှာ ပေါ့ဂ်ဘာဘက်မှာလည်း ခံစားချက်တွေများပါတယ်။ ထုတ်မပြောဘဲ သိမ်းထားရတဲ့ ဒဏ်ရာတွေရှိပါတယ်။ ဒါကို ထုတ်မပြ တတ်တော့ ပေါ့ဂ်ဘာဟာ အရွဲ့တိုက်တဲ့ဘက် ရောက်သွားတာမျိုးပါ။ မန်ယူကို ဖာနန်ဒက်စ် ရောက်လာချိန်မှာ ပေါ့ဂ်ဘာအနေနဲ့ လက်တွဲဖော်ကောင်း ရှာတွေ့ခဲ့ပြီလို့ မှတ်ယူခဲ့ပုံပါ။

ဒါပေမဲ့ ဖာနန်ဒက်စ်ရောက်လာတာပဲ ပေါ့ဂ်ဘာကို ဘေးပိုရောက်စေခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ထင်မှတ်ထားတာထက် တောက်ပခဲ့ချိန်မှာတော့ မန်ယပရိသတ်တွေရင်ထဲ ပေါ့ဂ်ဘာအတွက် နေရာမရှိတော့ပါဘူး။ လက်ရှိမှာ ဆိုးလ်ရှားကိုယ်တိုင်က ပေါ့ဂ်ဘာကို ရဲရဲဝံ့ဝံ့ အရန်ခုံပို့ပြီး သူမပါတဲ့ မန်ယူအနာဂတ်ကို တည်ဆောက်နေပုံပါပဲ။

မန်ယူနဲ့ပေါ့ဘာတို့ရဲ့ စာချုပ်ဟာ ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ပေါ့ဂ်ဘာအနေနဲ့ အိုးထရက်ဖို့ဒ်ကနေ အနှေးနဲ့အမြန် လွင့်စင်သွားမယ့် အနေအထားပါ။ ဒါပေမဲ့ မန်ယကနေ ထွက်ခွာသွားရင်တောင် သူပြောင်းရွှေ့ရမယ့်နယ်ပယ် ကျဉ်းသွားပြီး တစ်ချိန် လုံး ပစ်မှတ်ထားနေတဲ့ ရီးရဲလ်ကလည်း လက်ရှောင်တဲ့ပုံစံမျိုးတွေ တွေ့ရပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ ပေါ့ဂ်ဘာဗိုင်းရပ်စ် ပြန်ထကြွ နေပြီး ဒီတစ်ကြိမ်မှာတော့ ကွဲကွဲပြားပြား အဖြေထွက်လောက်ပါပြီ။ ပေါ့ဂ်ဘာလို ဗိုင်းရပ်စ်မျိုးအတွက် ယူနိုက်တက်မှာ နေရာမရှိဆိုပြီး မန်ယူပရိသတ်တွေကတော့ ခါးခါးသီးသီး ဟစ်ကြွေးနေပါတယ်။ အိုးလ်ထရက်ဖို့ဒ် သန်းခေါင်ယံညတွေကို ဗိုင်းရပ်စ်တစ်ကောင် ဆွေးမြေ့ဖွယ် ဖြတ်လျှောက်နေရပါတယ်။

Leave a Comment

Your email address will not be published.