နည်းပြရဲ့လုပ်ပိုင်ခွင့်ကိုပါဝင်ရောက်စွက်ဖတ်ခဲ့တဲ့ဘရူနိုဖာနန်ဒက်စ်ရဲ့ရုပ်သံဖိုင်ပျံ့နှံ့လာပြန်

ဘောလုံးအသင်းတစ်သင်းရဲ့ နည်းဗျူဟာအခင်းအကျင်းနဲ့ လူစားလဲတဲ့အလုပ် တွေကို အဓိကပြုလုပ်ရတာ နည်းပြတာဝန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မန်ယူနဲ့ ပီအက်စ်ဂျီပွဲမှာတော့ ကွင်းထဲမှာရှိတဲ့ ဖာနန်ဒက်စ်က နည်းပြထိုင်ခုံမှာရှိတဲ့ ဆိုးလ် ရှားကို လူစားလဲမှုတွေ မြန်မြန်ပြုလုပ်ပေးဖို့ ကွင်းထဲကနေ လှမ်းအော်တောင်းဆို ခဲ့တာကို တွေ့ခဲ့ရမှာပါ။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့က မန်ယူအသင်းကိုရောက်ရှိလာခဲ့ပြီး အသင်းရဲ့အရေးပါတဲ့ အဓိကကစားသမား တစ်ဦးဖြစ်ခဲ့သလို ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့သူလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲမှာ မန်ယူပရိသတ်တွေဟာ ဆိုးလ်ရှားရဲ့ လူစားလဲမှုတွေကို ဝေဖန်နေခဲ့ကြပြီး အထူး သဖြင့် ပထမပိုင်းမှာ တစ်ဝါထိထားတဲ့ ကွင်းလယ်ကစားသမား ဖရက်ဒ်ကို ဒုတိယ ပိုင်းမှာ လူစားမလဲဘဲ ဆက်ကစားခိုင်းခဲ့တဲ့အတွက် ဖရက်ဒ်တစ်ယောက် နောက် တစ်ဝါထိပြီး ထုတ်ပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဖရက်ဒ် ထုတ်ပယ်ခံခဲ့ရပြီး မန်ယူဟာ အလယ်တန်းကစားသမားတစ်ဦးလျော့သွားတဲ့အတွက် ပီအက်စ်ဂျီလို အသင်းမျိုးနဲ့ကစားနေရတဲ့ ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ်လုပ်အားနှုန်းချင်းယှဉ်ရင် အရမ်းသိသာတဲ့အနေအထားပါပဲ။

ဖာနန်ဒက်စ်ဟာ ပွဲချိန် ၇၃ မိနစ်မှာ အသင်းကွင်းလယ်ကနေ ဘောလုံးလိုက်လုဖို့ကြိုးစားနေရင်း မန်ယူနည်းပြနဲ့ ကစားသမားတွေရှိတဲ့နေရာကို နည်းပြအိုလေဂန်နာဆိုးလ်ရှားရဲ့ နာမည်ဖြစ်တဲ့ “Ole” ဆိုတဲ့ အမည်ကိုလှမ်းအော်ရင်း အမြန်ဆုံးလူစားလဲမှုတွေပြုလုပ်ဖို့ အဓိပ္ပာယ်ရတဲ့စကားလုံးတွေ လှမ်းအော်ပြောခဲ့တာကို ကွင်းအတွင်းမှာရှိတဲ့ ရုပ်သံ အသံဖမ်းစက်တွေကတစ်ဆင့် ကြားသိနိုင်ခဲ့ပါတယ်

ဖာနန်ဒက်စ် လှမ်းအော်ပြော ပြီး နောက်တစ်မိနစ်အကြာ ၇၄ မိနစ်မှာ ဆိုးလ်ရှားဟာ ပေါ့ဂ်ဘာနဲ့ ဂရင်းဝုဒ်တို့ကို လူစားလဲမှုပြုလုပ်ခဲ့တဲ့အတွက် ဖာနန်ဒက်စ်လှမ်းအော်မှ ကတိုက်ကရိုက်လူစား လဲခဲ့တဲ့ ဆိုးလ်ရှားရဲ့လုပ်ရပ်ကို ဆိုရှယ်မီဒီယာမှာ မန်ယူပရိသတ်တွေက ပွက်လောရိုက်ခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးရဲ့မှတ်ချက်မှာဆိုရင် အိုလေကို ဖာနန်ဒက်စ်က ဆရာပြန်လုပ်သွားခဲ့တယ်လို့ အရွှမ်းဖောက်ခဲ့ပြီး နောက်ထပ် မန်ယူပရိသတ်တစ်ယောက်ကလည်း ဖာနန်ဒက်စ်ဟာ ဆိုးလ်ရှားက လူစားလဲမှုတွေမလုပ်လို့ ဒေါသထွက်နေခဲ့ပြီး ဆန်းဒေးလိဂ်လိုအပျော်တမ်းလိဂ်က မန်နေဂျာတစ်ယောက်ရဲ့ပုံစံမျိုး လှမ်းအော်ခဲ့တာလို့ မှတ်ချက်ရေးသားထားခဲ့ပါ တယ်။

ဖာနန်ဒက်စ် အခုလိုမျိုးလှမ်းအော်တဲ့ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ သွားခဲ့ပြီး နည်းပြဆိုးလ်ရှားကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောပေမယ့် ဖရက်ဒ်ကို ပထမပိုင်းအပြီးမှာကတည်းက လူစားလဲခဲ့သင့်တယ်လို့ ဝန်ခံပြောကြား မှု ပြုလုပ်ခဲ့ပါတယ်။

ဖာနန်ဒက်စ်က ဒီလမှာ ယူနိုက်တက်အသင်းကပရိသတ်တွေရွေးချယ်ပေးတဲ့ တစ်လအတွင်းအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။

Leave a Comment

Your email address will not be published.