မန်ချက်စတာယူနိုက်တက်ရဲ့ သမိုင်းထဲမှာ ၁၉၄၆ ခုနှစ်ကနေ ၁၉၄၉ခုနှစ်အထိလေးနှစ်တာကာလအတွင်း ကစားခဲ့တဲ့ ချာလီမစ်တန်မှတ်တမ်းကိုတွေ့ရမှာပါ…အဲ့ဒီခေတ်အခါက မန်ချက်စတာယူနိုက်တက်တိုက်စစ်ကိုဦးဆောင်ခဲ့တဲ့ နာမည်ကြော်တိုက်စစ်မှူး ၅ယောက်ထဲမှာ တယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်..

အဲဒီလို မန်ယူရဲ့ သမိုင်းကြောင်းမှာ ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ခဲ့သူက ရန်ကုန်မြို့ဖွား နိုင်ငံခြားသားလို့ ပြောရင် အံအားသင့်ကြမှာပါပဲ။

ချာလီမစ်တန်ကို ၁၉၂၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက် ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာပါ။ မှတ်တမ်းတွေအရ Rangoon ဆိုပြီး ဖော်ပြထားတာပါ။ အင်္ဂလိပ်ကို လိုနီဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကို မိဘတွေနဲ့အတူ လိုက်ပါလာရင်း မွေးဖွားခဲ့ တာဖြစ်တယ်လို့ ယူဆရပါမယ်။

ချာလီမက်တန်က ၁၉၃၆ ခုနှစ်မှာ မန်ချက်စတာအသင်းနဲ့ တရားဝင်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ နှစ်တွေမှာ အသင်းအတွက် မကစားပေးခဲ့ရ ပါဘူး။ ဒုတိယကမ္ဘာစစ်ကြောင့် ဘောလုံးပွဲတွေ ရပ်ဆိုင်းခဲ့ရလို့ ၁၉၄၆ ခုနှစ် မတိုင်ခင်အထိ မန်ချက်စတာယူနိုက်တက်အတွက် ပရော်ဖက်ရှင်နယ်ပွဲစဉ် တစ်ပွဲမှ မကစား ခဲ့ရပါဘူး။

ဒုတိယကမ္ဘာစစ်အတွင်းမှာလဲ သူက တော်ဝင်လေတပ်မှာ တာဝန်ထမ်းဆောင်ရပါတယ်။ ဒါပေမယ့်လည်း တာဝန်ကျရ အရပ်က အသင်းတွေမှာ ဘောလုံးကစားခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေတော့ တွေ့ရပါတယ်။ ကမ္ဘာစစ်ကြီး ပြီးလို့ ဘောလုံးပြန်ကစားခဲ့အခါမှတော့ ချဲလ်ဆီးအသင်းကို ရောက်သွားပြီးတော့ ၂ ရာသီကြာ ကစားပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ဆောက်သမ်တန်ကို ပြောင်းရွှေ့ပြီး ၂၂ ပွဲကစား ၅ ဂိုးသွင်းခဲ့ပါတယ်။

ဆောက်သမ်တန်မှာ ၂၂ ပွဲ ကစားပြီးတဲ့အချိန်မှာ မန်ချက်စတာက တာဝန်ရှိသူတွေကို သူ့ကို ပြန်လည်ချိတ် ဆက်လာတဲ့အတွက် ၁၉၄၆ ခုနှစ်မှာ မန်ချက်စတာအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ မစ်တန်က အဲဒီကာလတွေမှာ မန်ချက်စတာမှာ နာမည်ကျော်ခဲ့တာပါ။ သူတို့ခေတ် ကာလက မန်ချက်စတာရဲ့ တိုက်စစ် ၅ ဖော်က နာမည်ကြီးခဲ့ပါတယ်။ ဂျင်မီဒီလက်စတစ်၊ စတန်ပီယာဆန်၊ ဂျိုမော့ရစ်၊ ဂျွန်ရွန်လင်းနဲ့ မစ်တန်ဆိုပြီးတော့ပါပဲ။

မစ်တန်ရောက်လာပြီး ၁၉၄၈ ခုနှစ်မှာ နာမည်ကျော် FA ဖလားကို ဆွတ်ခူးခဲ့ပါတယ်။ မန်ချက်စတာနဲ့ ၄ ရာသီကြာ ကစားခဲ့သူပါ။ အဲဒီကစားခဲ့တဲ့ ၄ ရာသီအတွင်းမှာ ပွဲပေါင်း ၁၄၂ ပွဲကစားခဲ့ပြီး သွင်းဂိုး ၅၀ အထိ ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာမှာ ၄ ရာသီကြာကစားပြီးတဲ့အချိန်မှာတော့ လန်ဒန်ကလပ် ဖူလမ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဖူလမ်မှာလည်း ၁၅၃ ပွဲအထိ ကစားခဲ့ပြီးတော့ ၃၃ ဂိုးအထိသွင်းယူခဲ့တာပါ။ နာမည်ကျော်တိုက်စစ်မှူး တစ်ဦးဖြစ်ခဲ့ပေမယ့် ထူးခြားတာက အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် တစ်ပွဲ သာ ကစားပေးခဲ့တာပါပဲ။ အဲဒီပွဲစဉ်ကလည်း ချစ်ကြည်ရေးကစားတဲ့ စကော့တလန်နဲ့ပွဲစဉ်ပါပဲ။

ချာလီမစ်တန်က အသက် ၈၀ အရွယ် ၂၀၀၂ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ မန်ချက်စတာ အသင်းရဲ့ သမိုင်းမှတ်တမ်းမှာတော့ ရန်ကုန်မြို့ဖွား အင်္ဂလန်နိုင်ငံသားတစ်ယောက်အဖြစ် မှတ်တမ်းဝင်ထား တာပဲ ဖြစ်ပါတော့တယ်။

Leave a Comment

Your email address will not be published.