ဗန်ဒါဘိဟာ ပေါ့ဂ်ဘာနဲ့ နှိုင်းယှဉ်ရမယ့်အဆင့်မဟုတ်သေးဘူးဆိုတာမနေ့ညက သက်သေပြသွားတယ်ဆိုတဲ့ ပတ်ထရစ်အီဗရာ

ပြင်သစ်လက်ရွေးစင်ပေါလ်ပေါ့ဂ်ဘာဟာ ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း လှပတဲ့ချေပဂိုးသွင်းပေးခဲ့ပြီး အဲဒီပွဲဟာပြီးခဲ့တဲ့တစ်လကျော်အတွင်း သူ့အတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲကစားခဲ့ရတာလည်းဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ ယခုနှစ်ဘောလုံးရာသီအတွင်း ကြံ့ခိုင်မှု၊ ခြေစွမ်းကျဆင်းနေမှုကြောင့် ရုန်းကန်နေရချိန်မှာ နည်းပြဆိုးရှားက ဗန်ဒါဘိကို ဦးစားပေးနေခဲ့တာပါ။

“ပေါ့ဂ်ဘာရဲ့ဂိုးက ကောင်းချက်ဗျာ။ သူ့ကို တစ်ချို့က ဗန်ဒါဘိနဲ့ယှဉ်ပြီးပြောတာတွေကြားရတော့ ရယ်ချင်သဗျာ။ အဲဒီဂိုးကိုပဲ ကြည့်လိုက်လေ…”လို့ မန်ယူဘယ်အစွန်နောက်ခံလူဟောင်း ပတ်ထရစ်အီဗရာက သူ့အမြင်ကို ပြောပြခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲအတွင်း ဗန်ဒါဘိကို ဘရူနိုဖာနန်ဒက်ဇ်နဲ့ လူစားလဲခဲ့တဲ့အပေါ်မှာလည်း အီဗရာက “အိုလေ့ကို ကျေးဇူးတင်ရမယ်ဗျ။ ရှုံးတဲ့အခါကျရင် လူတွေက သူ့ကိုအပြစ်တင်ကြတယ်မဟုတ်လား။ ကောင်းလိုက်တဲ့လူစားဝင်တွေဗျာ။

ဘရူနိုနဲ့ မားကပ်စ်က ပြိုင်ဘက်နောက်တန်းကို အလုပ်ပေးလိုက်တာများ။ ကျနော်တို့လိုနေခဲ့တာ အဲဒါမျိုးပဲ။ သူတို့ကြောင့် အပြောင်းအလဲတွေဖြစ်လာပြီး မာတာနဲ့ ပေါ့ဂ်ဘာ လှုပ်လို့ရလာတာ။ ကာဗန်နီ ဒီပွဲမှာ အဆင်မပြေခဲ့ဘူး။ ဗန်ဒါဘိရောပဲ။ အိုလေက မြန်မြန်ဆန်ဆန်ပြောင်းပစ်လိုက်လို့ ကျနော်တို့နိုင်ခဲ့တာ”လို့ ပြင်သစ်လက်ရွေးစင်ဟောင်းက သုံးသပ်ခဲ့ပါတယ်။

Leave a Comment

Your email address will not be published.