ဆုဖလားအိမ်မက်ထက် သရဲနီအသင်းအတွက် သူ့အိမ်မက်ကို ထုတ်ပြောလိုက်တဲ့ ဆိုလ်းရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ လိဒ်စ် ယူနိုက်တက် အသင်းကို ဧည့်ခံ ကစား ခဲ့ပြီး 6 – 2 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူ နိုင်ခဲ့ ပါတယ် ။ အဆိုပါ နိုင်ပွဲကြောင့် ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယား အဆင့် 3 နေရာ အထိ တက်လှမ်း နိုင်ခဲ့ကြ ပါတယ် ။ ယူနိုက်တက် တို့ဟာ လက်ကျန် ပွဲစဉ် တစ်ပွဲကို အနိုင် ကစား နိုင်မယ် ဆိုရင် အဆင့် 2 နေရာ အထိ တက်လှမ်း နိုင်မှာပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အသင်းဟာ ပွဲစဉ် စတင် ကတည်းက တိုက်စစ် ကစားပုံ ကောင်းမွန်ခဲ့ ကြပြီး ကွင်းလယ်လူ စကော့ မက် တော်မီနေး ( 2 ဂိုး ) ၊ ဘရူနို ဖာနန်ဒက်စ် ( 2 ဂိုး ) ၊ ဗစ်တာ လင်ဒီလော့ဖ် နဲ့ ဒန်နီယယ် ဂျိမ်းစ် တို့က ဂိုးတွေ ကိုယ်စီ သွင်းယူ ပေးခဲ့ပြီး အသင်းကို အခုလို အိမ်ကွင်း ဂိုးပြတ် နိုင်ပွဲမျိုး ရရှိ သွားစေခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် အသင်း အတွက်တော့ ဒီရာသီ အမှတ်ပေး ဖလား ပြိုင်ပွဲ ရဲ့ အိမ်ကွင်း ရလဒ် အကောင်းဆုံး ပွဲစဉ် ဖြစ်ခဲ့ရ သလို အမှတ်ပေး ဖလား ဆွတ်ခူး နိုင်စွမ်း ရှိတဲ့ အသင်း တစ်သင်း ဖြစ်ကြောင်း ပြသရာလည်း ရောက်သွားခဲ့ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ဆုဖလား ဆွတ်ခူးရေး နဲ့ ပတ်သက်လို့ ငြင်းဆန်စကား ဆိုသွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ အခုမှ ပွဲစဉ် 13 ပွဲပဲ ကစားခဲ့ ကြရပါ သေးတယ် ။ ဒါဟာ ဘောလုံး ရာသီ တစ်ခုရဲ့ ပွဲစဉ် တစ်ဝက်တောင် မရှိသေးပါဘူး ။ ကျွန်တော်တို့ အလုပ် ကြိုးစား နေဆဲ ကာလ တစ်ခုမှာ ရှိနေ ကြပါ သေးတယ် ။ ကျွန်တော်တို့ ပိုကောင်း ၊ ပိုကြံ့ခိုင် ၊ ပိုပြီး အင်အားကောင်းတဲ့ အသင်း တစ်သင်း ဖြစ်လာခဲ့ကြ ပါပြီ ”

ဒါပေမယ့် အချို့ အချက်အလက် တွေမှာ ကျွန်တော်တို့ ဆက်လက် တိုးတက် ကောင်းမွန်သွားဖို့ လိုအပ် နေကြပါ သေးတယ် ။ ဒါ့ကြောင့် ဆုဖလား အကြောင်းကို နောက်မှ ပြောကြရအောင် ၊ အမှတ်ပေး ဇယား ရပ်တည်မှု ဆိုတာက ကျွန်တော်တို့ အခု ရှေးရှု နေကြတဲ့ အဓိက အရာ တစ်ခု မဟုတ်သေး ပါဘူး ”

” ကျွန်တော်တို့ အခု နေရာမှာ ထိုင်ပြီး ကျွန်တော် မြင်တွေ့လိုတဲ့ မန်ချက်စတာ ယူနိုက်တက် ပိုဆန်တဲ့ အသင်း တစ်သင်းကို ကျွန်တော်တို့ မြင်တွေ့ နေရပြီ ဆိုတဲ့ အကြောင်း ပြောရတာက လွယ်ကူ ပါတယ် ။ ကျွန်တော် ဒီမှာ ရှိနေခဲ့ ရတဲ့ နှစ်နှစ်တာ အချိန် ကာလကို တစ်ကယ်ပဲ ပျော်ရွှင်ခံစား နိုင်ခဲ့ ပါတယ် ။ ဒီနေ့ပွဲမှာလည်း တစ်ကယ်ပဲ ပျော်ရွှင်ခဲ့ရ ပါတယ် ” လို့ ဆိုးလ်ရှား က အမှတ်ပေး ဖလား ဆွတ်ခူးရေး နဲ့ ပတ်သက်လို့ ငြင်းဆန် ခဲ့ပြီး အသင်းကို ဆက်လက် တည်ဆောက်ဖို့ပဲ အဓိကထားနေဆဲ ဖြစ်ကြောင်း ပြောပြ သွားခဲ့လိုက် ပါတယ် ။

အဆိုပါ နိုင်ပွဲဟာ ယူနိုက်တက်တို အတွက် ဒီရာသီ အိမ်ကွင်းမှာ ဒုတိယမြောက် နိုင်ပွဲ ရှာဖွေခဲ့ခြင်း ဖြစ်သွားခဲ့ရ ပါတယ် ။ အဲ့ဒီ မတိုင်ခင်တုန်းက ယူနိုက်တက် တို့ဟာ ပွဲစဉ် အစနှေးခဲ့ကြတဲ့ အတွက် ဝေဖန်မှုတွေ ခံခဲ့ကြရ ပါတယ် ။ အခုတော့ အစောပိုင်း မိနစ်မှာ နှစ်ဂိုး သွင်းယူခဲ့တဲ့ တော်မီနေးကို ဆိုးလ်ရှားက ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” စကော့ ( မက် တော်မီနေး ) က ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင် လွန်းသူ တစ်ဦး ပါပဲ ။ သူဟာ အမြင့်ဘော တွေကို ဦးနိုင် သလို ဘောလုံး လုယူမှု တွေကိုလည်း ပြုလုပ် နိုင်ပါတယ် ။ သူဟာ သန်မာလွန်းသူ ဖြစ်သလောက် လှုပ်ရှားမှုတွေလည်း မြန်ဆန်တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ”

” ကျွန်တော်တို့တွေ မျှော်လင့် ထားကြ သလိုပဲ သူဟာ နေရာလွတ် တွေဆီ အချိန်ကိုက် ပြေးလွှား သွားနိုင်ခဲ့ ပါတယ် ။ သူ့ရဲ့ အဆုံးသတ်ကလည်း ကောင်းမွန်ခဲ့ ပါတယ် ။ ဒီအတွက် အခြား အသင်းဖော် တွေက သူ့အတွက် နေရာလွတ် ဖန်တီးပေးခဲ့ကြပုံနဲ့ အလုပ် လုပ်ပုံ တွေလည်း တစ်ကယ့်ကို ကောင်းမွန် ခဲ့ကြ ပါတယ် ”

Leave a Comment

Your email address will not be published.