ဆိုးရှားရဲ့ ဓားချက် ရင်ဝမှာတည့်တည့် စိုက်ခဲ့ရတဲ့ ကလော့နဲ့ဂီလာနတသိုက်ရဲ့ ကန္တာရ ခရီးကြမ်း

ငယ်ကျွန်ကြီး တလုံးချိုင့်(ခ)လိပ်ပုကို ထိပ်ထုပြီး စော်မရှိဖလားပြိုင်ပွဲကနေ ကန်ထုတ်လိုက်တဲ့ မန်ချက်စတာဆိုက္ကားဂိတ်

လတ်တလောမှာ ထိတ်ထိတ်ကြဲ ခြေစွမ်းတွေ ပြသထားနိုင်တဲ့ ကိုကြီးဆိုးရဲ့ ယူဆိုက်တက် နဲ့ ကဂျိုးကဂျောင် ခြေစွမ်းတွေနဲ့ ပင်ကိုယ်သရုပ်မှန် ပြန်ပြနေတဲ့ အန်ကယ်ကလော့ရဲ့ ပါပူးတို့ ရင်ဆိုင်တွေ့ခဲ့တဲ့ FA Cup ပွဲစဉ်ဟာ ပရီးမီးယားလိဂ်တုန်းကလို ခြောက်တီးခြောက်ကပ်နိုင်မနေခဲ့ပဲ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ဖျော်ဖြေမှု အပြည့်ပေးနိုင်ခဲ့ပြီး ပုံစံကောင်းတွေ ရနေတဲ့ ယူဆိုက်တက်ကပဲ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ခါးသီးတဲ့ ပြိုင်ဘက် တလုံးချိုင့်ကို ချိုမြိန်စွာ အနိုင်ရယူပြီး FA Cup နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ယူဆိုက်တက်ကတော့ အဓိကကစားသမား သုံးဦးလောက်ကို အနားပေးခဲ့သလို ဒဏ်ရာပြဿနာတွေ ရင်ဆိုင်နေရတဲ့ ပါပူးကလည်း ရှိတာလေးနဲ့ လှအောင် ဝတ်ပြီး အိမ်ရှင် ယူဆိုက်တက်ကို ရင်ဆိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ပိုကောင်းခဲ့တာကတော့ ဆိုးရှားရဲ့ ယူဆိုက်တက်လို့ ပြောရမှာ ဖြစ်ပြီး ၂၀၁၈ သာကူးဖန်တွေ ပြောစကားအရ ကမ္ဘာ့အကောင်းဆုံး ဆရာကြီးတွေပါတဲ့ ပါပူးကို တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။

အရင်ပွဲတုန်းက ဖာဒီနန်-ဗီဒစ် အတွဲလို ခြေစွမ်းပြခဲ့တဲ့ ခေါင်းကြီးနဲ့ ရေခဲလူသားတို့ဟာ ယနေ့ပွဲမှာတော့ ဖီးဂျုံး-စမောလင်း လော့ဒ်ခြေစွမ်းတွေ ပြန်ပြနိုင်ခဲ့ပြီး ကောက်စား ဆာလာကို အကြိုက်တွေ့စေခဲ့ပါတယ်။ ယနေ့ပွဲမှာ အဖွင့်ဂိုးစတင်သွင်းယူနိုင်ခဲ့တာကတော့ ပါပူး အချစ်တော် မိုဆာလာပဲ ဖြစ်ပြီး ဂိတ်နောက်တန်းရဲ့ အာရုံစူးစိုက်မှုအားနည်းတာကို အခွင့်ကောင်း ယူပြီး လှပစွာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဦးဆောင်ဂိုး ပေးလိုက်ရအပြီးမှာတော့ ယူဆိုက်တက်တို့ တိုက်စစ်အသားကုန်ဖွင့်ကစားခဲ့ပြီး ပထမပိုင်းမှာပဲ သစ်သားစိမ်းက လှပစွာ ဘောလုံးကို ထိန်းယူပြီး ချေပဂိုး ပိတ်သွင်းယူနိုင်ခဲ့သလို ဒုတိယပိုင်းအစမှာလည်း ရက်ရှ်ဖို့ဒ်က ဝီလီယံရဲ့ အမှားကို အသုံးချပြီး ဂိတ်အတွက် ဦးဆောင်ဂိုး ပြန်ရယူပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ ယူဆိုက်တက် ရခဲ့တဲ့ ပထမဂိုးနဲ့ ဒုတိယဂိုးဟာ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ အတွဲအဖက်ကနေ ရခဲ့တာဆိုလည်း မမှားပါဘူး။

ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးကို ခွင့်ပြုပေးပြီးရတဲ့နောက်မှာတော့ ကလော့ ရဲ့ လီပါပူးဟာ ချေပဂိုးရဖို့ တိုက်စစ်ကို စနစ်တကျ အပေးအယူခပ်စိတ်စိတ်လုပ်ပြီး သွားခဲ့တာကို တွေ့ရပြီး သိပ်မကြာလိုက်ခင်မှာပဲ ဖာမီနိုရဲ့ ပေးပို့မှုကို မိုဆာလာကပဲ ထပ်မံပိတ်သွင်းယူပြီး ကစားပွဲကို အသက်ဝင်စေခဲ့ပါတယ်။

ဒါပေမယ့် ခုနှစ်ရက်သာ မင်းဖြစ်ခဲ့ရတဲ့ ဖောင်ကားစားမောင်မောင် လိုမျိုးပဲ ချိုင့်ချိုင့်တို့ရဲ့ အပျော်ဟာ ကြာရှည်မခံခဲ့ပဲ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖရီးကစ်သွင်းဂိုးကြောင့် မျက်ရည်ချောင်းစီးခဲ့ရပါတယ်။ ဆိုက္ကားဂိတ်အတွက်ကတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့ အနိုင်ဂိုးဟာ ကန္တာရထဲက အိုအေစစ် တစက်လို အလွန်အင်မတန် တန်ဖိုးရှိလှပြီး ပရိသတ်တွေအတွက်လည်း အပျော်တွေ ဖန်တီးပေးနိုင်ခဲ့မှာ သေချာပါတယ်။

ယနေ့ပွဲရလဒ်ကြောင့် ယူဆိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ FA Cup ပွဲစဉ်တွေမှာ နှစ်တစ်ရာကျော် ပါပူးကို ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်ထိန်းထားနိုင်မှာ ဖြစ်သလို နောက်တဆင့်မှာတော့ ဒေးဗစ်မွိုက်စ်ရဲ့ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာပဲ ဧည့်ခံသွားရမှာဖြစ်ပါတယ်။

ဆိုးရှားရဲ့ ဓားချက် ရင်ဝမှာ တည့်တည့် စိုက်ခဲ့ရတဲ့ ကလော့ကတော့ ဂီလာနတသိုက်နဲ့အတူ ကန္တာရ ခရီးကြမ်းကို မျက်ရည်စီးကြောင်းများစွာနဲ့ ဆက်လက်ချီတက်သွားရဖို့ ရှိတဲ့အတွက် နည်းနည်းတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ( လူမှုရေးအရ မကောင်းတတ်လို့ ဟန်ဆောင်ပန်ဆောင် ပြောတာ :3 )

MLPP FAN

Leave a Comment

Your email address will not be published.