မြန်မာထိပ်တန်းဘောလုံးကလပ်နှစ်သင်း အာရှအဆင့်ပွဲတွေကနေ နုတ်ထွက်

အာရှဘောလုံးအဖွဲ့ချုပ် AFC ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကနေ မြန်မာဘောလုံးကလပ်အသင်း နှစ်သင်း နုတ်ထွက်သွားပါတယ်။

ရှမ်းယူနိုက်တက်နဲ့ ဟံသာဝတီယူနိုက်တက် အသင်းတွေ ပြိုင်ပွဲတွေကနေ နုတ်ထွက်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က အတည်ပြုထားတယ်ဆိုပြီး AFC က ထုတ်ပြန်ပါတယ်။

ရှမ်းယူနိုက်တက်နဲ့ ဟံသာဝတီယူနိုက်တက် အသင်းတွေဟာ ၂၀၂၀ ပြည်တွင်း အဆင့်မြင့်တန်း မြန်မာနေရှယ်နယ်လိဂ် MNL မှာ ချန်ပီယံနဲ့ ဒုတိယ အသီးသီးရထားတဲ့ အသင်းတွေ ဖြစ်ပါတယ်။

သူတို့ ဝင်ကန်ခွင့်ရတဲ့ အာရှအဆင့် ကလပ်အသင်းတွေ ပြိုင်ပွဲကနေ နုတ်ထွက်ရတာဟာ မြန်မာပြည်ထဲ စစ်အာဏာသိမ်းခံရပြီး အဘက်ဘက်က ယိုယွင်းပျက်စီးလာနေတဲ့ အခြေအနေတွေနဲ့ တိုက်ရိုက်ဆက်စပ်နေလား၊ ငွေရေးကြေးရေး အခက်အခဲတွေကြောင့်လား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

မြန်မာ အသင်းတွေ နုတ်ထွက်သွားတဲ့ အတွက် AFC အနေနဲ့ ပွဲစဉ်ဇယား အပြောင်းအလဲတွေ ပြုလုပ်ကြောင်း သူတို့ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ကြေညာပါတယ်။

အာရှချန်ပီယန်လိဂ် ခြေစစ်ပွဲ အနေနဲ့ ရှမ်းယူနိုက်တက်နဲ့ ကန်စရာ မလိုတော့တဲ့ ဩစတြေးလျ မဲလ်ဘန်းစီးတီး အသင်းဟာ အခုဆို ဂျပန်က ဆီရီဇိုအိုဆာကာ အသင်းနဲ့ ပလေးအော့ဖ် အဆင့် တိုက်ရိုင်ကန်ရတော့မှာ ဖြစ်ပါတယ်။

တခါ၊ AFC ဖလားပြိုင်ပွဲမှာလည်း လာအို ချန်သာဘိုလီ အသင်းနဲ့ ဘရူနိုင်း ကာဆုကာ အသင်းတို့ ကန်ပြီး နိုင်တဲ့အသင်းနဲ့ ဟံသာဝတီ ယူနိုက်တက် ပလေးအော့ဖ် ကန်ဖို့ စီစဉ်ထားပေမယ့်လည်း အဲဒီပွဲကို ဖျက်လိုက်ပါပြီ။ အခု လာအိုနဲ့ ဘရူနိုင်း နိုင်တဲ့ ကလပ်အသင်းက AFC ဖလား အုပ်စုဂျီ ကို တိုက်ရိုက် ဝင်ခွင့်ရမှာ ဖြစ်ပါတယ်

Leave a Comment

Your email address will not be published.