ယူနိုက်တက်အတွက်”အခရာ”အကျဆုံး ကစားသမား၂ယောက်ကို ဖာနန်ဒက် ထုတ်ပြော

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်နွေရာသီ အပြောင်းအ‌ရွေ့ဈေးကွက်အတွက် ကစားသမားအသစ်တွေခေါ်ယူဖို့နဲ့ အသင်းက ကစားသမားတွေကို ရောင်းထုတ်သွားဖို့ အစီအစဉ်တွေကို စတင်ပြီးလုပ်ဆောင်နေပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်ကထက်စာရင် ဒီနှစ်ရာသီဟာ အသင်းအတွက် အောင်မြင်မှုပန်းတိုင်တွေကို လှမ်းမြင်နိုင်တဲ့ နှစ်ဖြစ်ခဲ့ပြီးတော့ အဓိကက ယူနိုက်တက်အတွက် မရှိရင်မဖြစ်တဲ့ ကစားသမား ၂ယောက်ကြောင့်ဖြစ်တယ်လို့ ဖာနန်ဒက်က ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ်မှူးလူကာကူကို ရောင်းထုတ်ပြီးတဲ့နောက်မှာ အထောင်တိုက်စစ်မှူးမရှိသလို နောက်တန်းအားနည်းချက်တွေကြောင့် အသင်းဟာ တော်တော်လေးဒီနှစ်ပိုင်းတွေမှာ ရုန်းကန်နေခဲ့ရပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းမှာ လစ်ဟာနေတဲ့ ကျိန်စာသင့်ကျောနံပါတ် ၇အတွက် ကာဗာနီရောက်လာပြီးနောက်ပိုင်းအသင်းရဲ့ တိုက်စစ်ပိုင်းက တော်တော်လေး ကောင်းမွန်လာခဲ့တယ်လို့ဆိုရမှာပါ။

ယူနိုက်တက်ဟာလက်ရှိမှာ ခြေစွမ်းပိုငးနဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာ အမြင့်မားဆုံးမှာရှိနေပြီး အသင်းအတွက် အစားထိုးလို့မရနိုင်တဲ့ ကစားသမား ၂ယောက်ရှိတယ်လို့ကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်ကဆိုပါတယ်။

” အသင်းမှာအစားထိုးလို့မဖြစ်နိုင်တဲ့ ကျွန်တော့်အသင်းဖော် ၂ယောက်ရှိပါတယ်။ တစ်ယောက်က တိုက်စစ်မှူးကာဗာနီနဲ့နောက်တစ်ယောက်ကတော့ ပေါ့ဘာပါပဲ။ သူတို့နှစ်ယောက်ကို ကျွန်တော်တို့ ဒီ အခြေအနေမှာ ဆုံးရှုံးခံလိုက်လို့မဖြစ်ပါဘူး။ အသင်းအများကြီးတိုးတက်ကောင်းမွန်ခဲ့တာသူတို့ကြောင့်ပါ။”လို့ ဘရူနိုဖာနန်ဒက်က ရိုးမားနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။

လက်ရှိမှာ တိုက်စစ်မှူးကာဗာနီနဲ့ပက်သက်ပြီးတော့လည်း” လောလောဆယ်ကာဗာနီက ပိုအရေးကြီးနေပါတယ်။ ကျွန်တော့်အနေနဲ့တော့ အသင်းမှာဆက်ရှိနေဖို့ အရမ်းလိုလားပါတယ်”လို့ဘရူနိုကဆိုပါတယ်။

ကာဗာနီက လက်ရှိမှာ ယူနိုက်တက်နဲ့ စာချုပ်ဆက်လက်ချုပ်ဆိုဖို့ သေချာတဲ့ သဘောတူညီမှုမရသေးပါဘူး။

ကာဗာနီရဲ့အဖေက မတ်လတုန်းက သူ့သားကို မန်ချက်စတာကနေပြန်လာဖို့ပြောကြားထားသလို သူ့မိသားစုရဲ့ဆုံးဖြတ်ချက်ကလည်းအရေးပါနေပါတယ်။

သတင်းတွေအရ ရာသီဥတုအခြေအနေ သဟဇာတမဖြစ်လို့ ကာဗာနီက အိုးထရက်ဖို့ကထွက်ခွာချင်ပေမယ့် ယူနိုက်တက်အသင်းနဲ့ပျော်ရွင်နေတယ်လိုဆိုပါတယ်။

တစ်ဖက်မှာလည်း ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ယူနိုက်တက်ကနေ တစ်ပတ်လုပ်ခလစာ ပေါင် ၅သိန်းတောင်းထားပြီး
အသင်းကတော့ ၄သိန်းနဲ့ညှိနှိုင်းနေပါတယ်။

ပေါ့ဘာဟာ ဘရူနိုအတွက် အရေးပါတဲ့ ကွင်းလယ်ကစားသမားဖြစ်ပြီးတော့ ဘရူနိုကိုယ်တိုင်ကလည်း ပေါ့ဘာစာချုပ်သစ်ချုပ်ဆိုနိုင်ရေးနဲ့ပက်သက်ပြီးစောင့်ကြည့်နေတာပါ။

ပေါ့ဘာကလက်ရှိအသင်းမှာ အဆင်ပြေနေတယ်ဆိုပေမယ့် သူ့အေးဂျင့် ရွိုင်းအိုလာရဲ့ ကြားဝင်မှုတွေကြောင့်တည်ငြိမ်တဲ့ ဆုံးဖြတ်ချက်ကို မချနိုင်သေးပါဘူး။ ပေါ့ဘာက လက်ရှိအနေအထားအရ အသင်းမှာ တစ်နှစ် ဆက်ရှိနေမှာဖြစ်ပြီးတော့ အခြေအနေကဘယ်လိုဆက်ဖြစ်မယ်ဆိုတာစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအနေအထားအရ ယူနိုက်တက်အတွက် တိုက်စစ်မှူးကာဗာနီဟာဆေးမြီတိုဖြစ်နေရင်တောင် အထူးလိုအပ်နေသူဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ပေါ့ဘာဟာလည်း ဝေဖန်မှုတွေခံနေရပေမယ့် ဘရူနိုနဲ့ယူနိုက်တက်အတွက် အစားထိုးမရသေးတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါကြောင့် ယူနိုက်တက်ဘက်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့တော့အရေးကြီးနေပါတယ်။

MGH

Leave a Comment

Your email address will not be published.