ဆိုလ်းရှားရဲ့ဓါးချက် ရင်ဝစိုက်ခဲ့ရပေမယ့် ကန္တရထဲကအိုအေစစ်တစ်စက်ကို ရှာဖွေတွေ့ရှိသွားခဲ့တဲ့ ကြိုးကြာ

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်တွေတောက်လျောက်ဆုံးရှုံးနေခဲ့ရတဲ့ တောင်ပံကျိုးလုလု ကျိုးခင်ခင်ဖြစ်နေတဲ့ ကလော့ရဲ့ကြိုးကြာတို့ဟာ လက်စတာစီးတီးကို ယူနိုက်တက်က အိမ်ကွင်းမှာရှုံးပြီးတဲ့နောက် ကိုယ့်ကြမ္မာကိုယ်စီရင်ခွင့်မရှိတော့တဲ့ဘဝရောက်ခဲ့ရပါတယ်။

ဒါပေမယ့်ဆိုလ်းရှားရဲ့ ပညာရှင် ဓါးချက်ရင်ဝမှာတည့်တည့်စိုက်ခဲ့ရတဲ့ ကလော့ရဲ့ကြိုးကြာတို့ဟာ ဇနကထုံးနလုံးမူပြီး အိုးထရက်ဖို့ပင်လယ်ပြင်ကြီးမှာ အသဲအသန်လှော်ခတ်နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် အလင်းရောင် မှိတ်တုတ်မှိတ်တုတ်လေးတော့မြင်လာရပြီဖြစ်ပါတယ်.

ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာအတွက် အမှတ်တွေ အသည်းအသန်လိုအပ်နေတဲ့ ကလော့ရဲ့ ကြိုးကြာနီတို့ဟာ လက်ကျန်ပွဲ ၄ပွဲမှာ အခက်ဆုံးပွဲဖြစ်တဲ့ မကြီးဆိုးလ်ရဲ့ တပည့်ဆိုက်ဆိုက်တွေကို ထိုက်ထိုက်နဲ့မှတန်တန် ၄ဂိုး၂ဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်

အင်္ဂလန်ဒါဘီပွဲလည်းဖြစ် ခါးသီးပြိုင်ဖက်တွေလည်းဖြစ်တဲ့အပြင် တိုက်စစ်အားသန်အသင်းနှစ်သင်းတွေ့ဆုံတာကြောင့် နှစ်သင်းစလုံးဟာ တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် ခံစစ်ကစားပုံ ပိုမိုညံ့ဖျင်းခဲ့တဲ့ နောက်တန်းလူမိုက် ကိုငဆိုက်တို့ကြောင့်ဆိုလ်းရှားရဲ့ ယူဆိုက်တက်ဟာ အိတ်ပေါက်ကြီးနဲ့ဖားကောက်သလို တစ်လုံးချိုင့်တို့ရဲ့ အရှိုက်ကို ဟိုက်ခနဲ နေအောင် ထိုးချက်တွေကို အလူးအလဲခံခဲ့ရပါတယ်။

တစ်ချိန်က ခေါင်းဆောင်လက်ပတ်နဲ့မတန်ဘူးဆိုပြီး နိုင်ငံတကာသောက်ဖောင်းပတ်ထုရေးမန်ဖန်ဌာနချုပ်က အပြင်းအထန်ဝေဖန်တာခံနေခဲ့ရတဲ့ “ရှေ့တန်းမှာဆိုတိုက်တိုင်းလွှဲ ခေါင်းကြီးမပါတဲ့ နောက်တန်းဟာ ဖရိုဖရဲ လျော့ရဲ ပြဲကွဲ နေတာကို ဒီပွဲမှာလည်း အထင်အရှားထပ်တွေ့ကြရန်ပြန်ပါတယ်။ လက်စတာနဲ့ပွဲမှာလည်း ဒီအခြေအနေကို တွေ့ရသလို ယူနိုက်တက်တို့ တစ်ရာသီလုံး ကောက်လိုက်ပေါက်လိုက် ဖြစ်နေတဲ့ နောက်တန်းပြဿနာကို မရှင်းနိုင်ရင် နောက်ရာသီမှာလည်း ၅၆တန်းက စောင့်ကြိုနေမယ့် အနေအထားရှိလို့နေပါတယ်။

ဒီနေ့ပွဲမှာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ဘရူနိုဖာနန်ဒက်စ်ကသွင်းယူပေးခဲ့တာဖြစ်ပြီးတော့ ဘရူနိုရဲ့ကန်ချက်ကို လိပ်ပုအသင်းရဲ့ နောက်ခံလူ ဖိလစ် မသေမသပ်ဖျက်ထုတ်ရာကတစ်ဆင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာပဲ ဂျိုတာနဲ့ ဖာမီနိုတို့ကဂိုးဘူဖေးကျွေးနေတဲ့ ယူနိုက်တက်ရဲ့ ဝါးအစည်းပြေသလို ပရမ်းပတာနောက်တန်းကြောင့် ၂ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ကြိုးကြာတို့ဘက်က အကယ်ဒမီထွက် လူငယ်နှစ်ယောက်ဖြစ်တဲ့ နက်ဖီးလစ်၊ ရေ့စ်ဝီလီယံတို့ကို ဗဟိုခံစစ်မှာ တွဲဖက်ပွဲထုတ်လာတာကြောင့် ခံစစ်အားနည်းမယ်ထင်ခဲ့ရပေမယ့် လူငယ်နှစ်ယောက်ရဲကြိုးစားအားထုတ်မှုကတော့မက်ဂွာရီမပါတဲံ့ယူနိုက်တက်ခံစစ်က ဘိုင်လီနဲ့လင်ဒီလော့ဖ်အတွဲနဲ့တော့ ဆီနဲ့အီးလိုပဲ ကွာခြားလှပါတယ်။

ဒီနေ့ပွဲမှာ ဂျိုတာ၊ ဖာမီနို၊ ဆာလက်အတွဲရဲ့ မြန်နှုန်းနဲ့ အဆုံးသတ်က ကြောက်စရာကောင်းလွန်းခဲ့ပြီး ဂိုးရော၊ အမှတ်ပါလိုနေတဲ့ ပါပူးဟာ စုတ်ပြတ်နေတဲ့ ယူနိုက်တက်ခံစစ်ကို အကြိမ်ကြိမ်ဖြတ်ကျော်ပြီး အခွင့်အရေးတိုင်းကို လက်ရောခြေရောလွတ်မခံပဲ အနိုင်ဂိုးတွေအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအရောက်မှာလည်း ဖာမီနိုကပဲ တတိယမြောက်ဦးဆောင်ဂိုးကို ကြိုးကြာတွေအတွက် သွင်းယူခဲ့ပြီး ယူနိုက်တက်ရဲ့ နာမည်ကျော် ကမ်းဘတ်နည်းပြကြီး မမဆိုလ်းဟာလည်း မျက်လုံးလေးကလယ်ကယ် နဲ့ မျက်စိမျက်နာပျက်လာပြီး ခုတလောခြေစွမ်းပြနေတဲ့ သစ်သားစိမ်းလေးကို တိုက်စစ်အရှိန်မြှင့်ဖို့ မိနစ်၆၀ကျော်မှထည့်သွင်းလာခဲ့ပါတယ်။

အဲံဒီနောက် အိုးထရက်ဖို့မှာ သရဲနီတွေဟာ တိုက်စစ်ကို မြှင့်ကစားခဲ့ပြီး မရှေးမနှောင်းမှာပဲ ရက်ရှ်ဖို့ဒ်က ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အနိုင်ဂိုးတွေသေချာနေပြီဖြစ်တဲ့ ကြိုးကြာတွေကတော့ မအလတပည့်များရဲ့ ရဲကင်းတွေလို နောက်တန်းမှာ ဘန်ကာတွေအပြည့်နဲ့ အထိုင်ချပိတ်ဆို့ထားတာကြောင့် ယူနိုက်တက်တို့ မျက်ကလူးဆန်ပြာဖြစ်ခဲ့ရပါတယ်။

“ဒီပွဲဟာ အနိုင် ၃မှတ်ရဖို့တင်မဟုတ်၊ ဂုဏ်သိက္ခာချင်းယှဉ်တဲ့ပွဲလို့”ဆိုခဲ့တဲ့ ဆိုလ်းရှားရဲ့ ယူနိုက်တက်တို့ဟာ အစွမ်းရှိသလောက်ကြိုးစားခဲ့သေးပေမယ့် အရူးဖင်သရဲကုတ်သလို ဂယောင်ချောက်ခြားနဲ့ သွေးရူးသွေးတမ်း ဖြစ်နေတဲ့ ယူဆိုက်တက်နောက်တန်းကြောင့် ကောက်စား မိုဆာလာကပဲ ကွင်းတစ်ဝက် အနိုင်ပိုမိုသေချာစေမယ့် သွင်းဂိုးကို ပွဲပြီးခါနီးမှာသွင်းယူနိုင်ခဲ့ပါတယ်။

ဒါတောင် ပထမပိုင်းမှာ VAR က လီဗာပူးအသင်းရဲ့ ပင်နယ်တီကို ငြင်းဆန်ခဲ့လို့သာ ယူနိုက်တက်တို့ တစ်ဂိုးသက်သာသွားခဲ့တယ်လို့ ဆိုရမှာပါပဲ။ ဒီနေ့ရရှိခဲ့တဲ့နိုင်ပွဲကြောင့် လီဗာပူးအသင်း ဟာရမှတ် ၆၀ နဲ့ အဆင့် ၄ နေရာက ချဲလ်ဆီးကို တစ်ပွဲလျော့ ၄ မှတ်ကွာ အနေအထားဖြစ်သွားခဲ့ပြီး ဆိုလ်းရှားရဲ့ လက်စတာဓါးချက် ရင်ဝ ဆိုက်ခဲ့ရပေမယ့် ဒီကနေ့မှာတော့ အရူးဖင်သရဲကုတ်သလို ဘယ်သူ့အော်ဆဲလို့ဆဲရမှန်းမသိဖြစ်နေတဲ့ ယူဆိုက်တက်တို့ရဲ့ နောက်တန်းကြောင့် ကန္တရထဲက အိုအေစစ်လေးကို တန်ဖိုးရှိစွာရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ လီဗာပူး (ပွဲပြီး)

မန်ချက်စတာယူနိုက်တက် ၂ – ၄ လီဗာပူး
ဖာနန်ဒက်စ် (၁၀’)
ဂျိုတာ (၃၄’)
ဖာမီနို (၄၅’+၃’) (၄၇’)
ရက်ရှ်ဖို့ဒ် (၆၈’)
ဆာလက် (၉၀’)

MGH

Leave a Comment

Your email address will not be published.