ချစ်ရပါသော ခေါင်းကြီးနဲ့ပက်သက်ပြီး သတင်းစကားပါးလိုက်တဲ့ ဆိုလ်းရှား

မန်ချက်စတာယူနိက်တက်အသင်းခေါင်းဆောင်တစ်ဦးဖြစ်သလို နည်းပြကြီး မမဆိုလ်းရဲ့ အထင်ကြီးချစ်ခင်မှုကိုရရှိထားတဲ့ ဟယ်ရီမက်ဂွိင်းယားဟာ လက်ရှိမှာ ခြေကျင်းဝတ်ဒဏ်ရာရနေလို့ ပွဲကစားတာတွေရပ်တန့်ထားရပါတယ်။

အက်စတွန်ဗီလာနဲ့ပွဲအပြီးမှာ ရသွားတဲ့ ဒဏ်ရာကြောင့် လက်စတာ လီဗာပူးတို့နဲ့ပွဲတွေမှာ မပါနိုင်ခဲ့တဲ့ ခေါင်းကြီးဟာ သူ့အသင်းသားတွေကိုတော့ ပတ်တီးတွေစည်းထားလျက် ချိုင်းထောင့်လေးနဲ့ ကွင်းအတွင်းလာရောက်အားပေးသွားရှာပါတယ်။

ယူနိက်တက်ရဲ့ ခံစစ်ကြောင်းနဲ့ပက်သက်ပြီး နိုင်ငံတကာ အာချောင်ဆရာများကြီးက အသုံးမကျဘူးလို့ ဝေဖန်ထားတဲ့ ခံစစ်မှူးခေါင်းကြီး မပါတဲ့ ပွဲ၂ပွဲလုံးယူနိက်တက်တို့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီးတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မက်ဂွိင်းယားပါ နိုင်မပါနိုင် နဲ့ပက်သက်ပြီး နည်းပြဆိုလ်းရှားကခုလိုဆိုပါတယ်။

“ဟယ်ရီက အကောင်းဆုံးဆိုတာတွေလုပ်ပြခဲ့ပြီးပါပြီ။ အခု သူဒဏ်ရာရနေချိန်မှာ သူမပါတဲ့ပွဲတွေကိုကြည့်ပြီး တစ်ချို့လူတွေလည်းအမြင်ကျယ်ကောင်းကျယ်လာနိုင်ပါလိမ့်မယ်။

“ဟယ်ရီက အတော်လေးကစားချင်နေပါတယ် ။ ဟယ်ရီဟာကျွန်တော်တို့အသင်းရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ လက်ရှိသူဟာ ကျွန်တော်တို့ရဲ့ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စောစီးစွာသတင်းကောင်းကြားရဖို့မျှော်လင့်ရပါတယ်။ ဒါပေမယ့်သူ့ကိုအချိန်ပေးပီး အနားယူခိုင်းသွားဦးမှာပါ။

သူကသူ့ရဲ့အရေးပါမှုကိုပြသပြီးသားဖြစ်ပါတယ်။ ပရိတ်သတ်တွေလည်းသူဘာတွေလုပ်နိုင်လဲဆိုတာမြင်တွေ့ခဲ့ပြီးသားဖြစ်မှာပါ။ လောလောဆယ်ပြောနိုင်တာက သူကောင်းမွန်စွာကုသမှုခံယူနေတယ်။ ဒါပေမယ့် သူ့အနေနဲ့ စောစီးစွာကစားနိုင်မလားဆိုတာကို ကျွန်တော်တို့အနေနဲ့ မစမ်းသပ်ချင်သေးပါဘူး။

မနက်ကသူ့ကိုစကားပြောကြည့်တော့ သူအတော်လေးအခြေအနေကောင်းလာပါတယ်။ သူကကျွန်တော်တို့ဘက်က “NO”လို့မပြောမချင်း ကစားနိုင်ဖို့ကြိုးစားသွားမယ့်လူမျိုးပါ။”လို့ဆိုလ်းရှားကဆိုပါတယ်။

ယူနိက်တက်အသင်းခေါင်းဆောင်မက်ဂွိင်းယားမပါတဲ့ ပွဲစဉ်၂ခုလုံးမှာ သရဲနီတို့ရဲ့‌ နောက်တန်းဟာဆိုးဆိုးရွားရွား ဝေဖန်ခံခဲ့ရပြီး အိတ်ပေါက်နဲ့ဖားကောက်သလိုဖြစ်ကာ ရှုံးပွဲတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။

ယူရိုပါလိဂ်ဖိုင်နယ်ဖြစ်တဲ့ ဗီလာရီးရဲနဲ့ပွဲမှာ မက်ဂွိုင်းယားအနေနဲ့ ပြန်လည် ပါဝင်ကစားလာနိုင်ခဲ့ရင်တော့ အိုလေဆိုးရှားနဲ့သရဲနီတို့အတွက် အားတက်ဖွယ်ရာပဲဖြစ်ပြီးတော့ အခြေအနေဆိုးနေတဲ့ နောက်တန်းကို ကုစားနိုင်မယ့် မျှော်လင့်ချက်လည်းဖြစ်လို့နေပါတယ်။

Leave a Comment

Your email address will not be published.