ဂွာဒီယိုလာကိုစိန်ခေါ်မယ့် ယူနိက်တက်တို့အတွက် ခြောက်အိမ်မက်ဖြစ်လာစေမယ့် မက်ဆီနဲ့မန်စီးတီး အပြောင်းအရွှေ့

နောက်နှစ်ရာသီမှာ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးကို စိန်ခေါ်မယ်ဆိုတဲ့ ယူနိက်တက်အသင်းဟာလက်ရှိမှာ အသင်းရဲ့ အင်အားတောင့်တင်းအောင် လူသစ်ခေါ်ယူမှုတွေမဖြစ်မနေလုပ်ဖို့လိုအပ်နေတာပါ။

ယူနိက်တက်ဟာ တိုက်စစ်မှူးအသစ်တစ်ယောက်ထပ်မံခေါ်ယူဖို့လိုနေသေးသလို ကွင်းလယ်နဲ့ဖရိုဖရဲဖြစ်နေတဲ့နောက်တန်းအင်အားကိုလည်းဖြည့်ဖို့လိုနေပါသေးတယ်။

ဒီအချိန်မှာပဲ ဖလားတို့ရဲ့အရှင်သခင်ဖြစ်တဲ့ မန်ချက်စတာစီးတီးကတော့ တောင့်တင်းနေတဲ့အင်အားနဲ့သူတို့အသင်းကို ကမဘာ့အကောင်းဆုံးဘောလုံးသမားမက်ဆီကို ခေါ်ယူဖို့ကြိုးစားလာနေပြီဖြစ်ပါတယ်။

မက်ဆီသာမန်စီးတီးကို ရောက်ခဲ့မယ်ဆိုရင်တော့ ယူနိက်တက်အပါအဝင်တခြားအသင်းတွေအတွက် အိမ်မက်ဆိုးတစ်ခုဖြစ်လာစေနိုင်လိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီကို တစ်ပတ်လုပ်ခလစာ ပေါင်ငါးသိန်းအထိပေးချေကာ ခေါ်ယူဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။

အဆိုပါလစာငွေမှာ အခွန်ဆောင်အပြီးလစာငွေဖြစ်တယ်လို့ သိရကာ ပရီးမီးယားလိဂ်ရဲ့စံချိန်တင်လစာငွေတစ်ရပ်ဖြစ်လာမှာဖြစ်ပြီး မက်ဆီအတွက်လည်း ငြင်းဆန်နိုင်ဖို့ခဲယဉ်းတဲ့ ကမ်းလှမ်းချက်တစ်ခုဖြစ်လာဖွယ်ရှိနေပါတယ်။

လက်ရှိမှာလာလီဂါချန်ပီယံဆုကို ရာသီကုန်ဆုံးခါနီးအထိယှဉ်ပြိုင်ခဲ့ရပေမယ့် ခြေချော်မှုများကြောင့် ချန်ပီယံဆုနဲ့ လွဲ ချော်ပြီးချိန်မှာတော့ ဘာစီလိုနာဥက္ကဌ လာပေါ်တာက အသင်းကို ပြောင်းလဲမှုတွေပြုလုပ်သွားဖို့ရှိနေတယ် လို့ ပြောသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ ချန်ပီယံဆုအတွက်အရေးကြီးနေတဲ့အချိန်မှာ ဂရန်နာဒါ၊ ဆဲလ်တာ ဗီဂိုတို့ကို ရှုံးခဲ့သလို လီဗန်တေးနဲ့သရေကျခဲ့တာကြောင့် ချန်ပီယံပြိုင်ပွဲကနေ ထွက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

လာပေါ်တာအနေနဲ့ ဥက္ကဌအဖြစ် ရွေးကောက်ပွဲဝင်ရောက်ခဲ့တုန်းက မက်ဆီကို ဆက်ထိန်းထားနိုင်ဖို့အတွက် အဓိကလုပ်ဆောင်မယ်လို့ ပြောခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဘာစီလိုနာမှာ မက်ဆီရဲ့ခေတ်တစ်ခု အဆုံး သတ်နိုင်တယ်လို့လည်း ပြောဆိုမှုတွေရှိခဲ့သလို လစာအများအပြားပေးထားရတဲ့ကစားသမားတွေကိုလည်း ရောင်းချသွားဖို့ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ Diario Sport ကနေတဆင့် လာပေါ်တာက ” လာမယ့်သီတင်း ပတ်မှာ အသင်းအနေနဲ့ ဆုံးဖြတ်ချက်တွေအများကြီး ချသွားဖို့ ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လက်ရှိအချိန်ဆုံးဖြတ်ထားရခြင်းမရှိသေးသူဖြစ်ပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ မက်ဆီဟာ မန်စီးတီးအတွက် တံခါးဖွင့်ပေးထားတယ်လို့ သိရပြီး အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ မန်စီးတီးမှာ တစ်နှစ်ကစားရုံနဲ့ ပေါင် ၂၅ သန်းအထိ ရရှိမှာလည်းဖြစ်ကာ နောက်ထပ်တစ်နှစ်စာချုပ်သက်တမ်းတိုးမြှင့်ဖို့ သဘောတူညီချက်လည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

ဒီအပြောင်းအရွှေ့သာဖြစ်လာခဲ့ပါက မက်ဆီဟာ ပရီးမီးယားလိဂ်သမိုင်းမှာ လုပ်ခလစာအများဆုံးရကစားသမားဖြစ်လာမှာဖြစ်ပါတယ်။ ဘာစီလိုနာကတော့ မက်ဆီကို အသင်းမှာဆက်လက်ရှိနေဖို့အတွက ကြိုးစားနေပြီး အခြားတဖက်မှာလည်း ဒေါ့မွန်တိုက်စစ်မှူးဟာလန်းနဲ့ ပတ်သက်ပြီး သူတို့ရဲ့ကြိုးပမ်းမှုက ဘယ်လောက်ထိအရာထင်လာမလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်လို့ ဆိုပါတယ်။

မန်စီးတီးနည်းတူ ပီအက်စ်ဂျီကလည်း မက်ဆီကို စိတ်ဝင်စားနေပြီး ဂွာဒီယိုလာနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်တာကြောင့် မန်စီးတီးက ပိုမိုအလေးသာနေတယ်လို့ ယူဆရပါတယ်။ ဘာစီလိုနာမှာ သူတို့နှစ်ဦးက နှစ်အနည်းငယ်ကြာ လက်တွဲခဲ့ပြီး အတွဲညီခဲ့ကြကာ ပီအက်စ်ဂျီကတော့ ငွေကြေးပိုင်းကိုသာ အားကိုးအားထားပြုရမှာဖြစ်ပါတယ်။ ဒီအတွက် မက်ဆီဟာ ဘာစီလိုနာမှာ ဆက်နေမလား၊ မန်စီးတီး ဒါမှမဟုတ် ပီအက်စ်ဂျီကို ရွေးချယ်မလားဆိုတာကို ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။

တစ်ဖက်မှာ ယူနိက်တက်တို့အနေနဲ့လည်း အပြောင်းအရွေ့ဈေးကွက်ရောက်တိုင်း နာမည်ကြီးအကိတ်တွေနဲ့ သတင်းထွက်တတ်ပေမယ့် ညားရင်တော့ ကျော်ကျော်နန္ဒာနဲ့ဖြစ်နေတဲ့အတွက် လာမယ့်ရာသီမှာ ကောင်းမွန်တဲ့ လူသစ်ခေါ်ယူမှုတွေမလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ အကောင်းဆုံးလူတွေနဲ့ ဖွဲ့စည်းထားတဲ့ မန်စီးတီးအသင်းကို စိန်ခေါ်နိုင်ဖို့ဆိုတာ ယူနိက်တက်အတွက်‌ ခြောက်အိမ်မက်ဖြစ်နေဦးမယ်ဆိုတာ သတင်းကောင်းပါးလိုက်ပါတယ်။

အိမ်ဂျီအိတ်(စ်)

Leave a Comment

Your email address will not be published.