အပြစ်တွေမြင် အချစ်တွေလျော့လို့ အပြတ်ပြတ်နဲ့နှာခေါင်းသွေးထွက်ရတော့မယ့် မကြီးဆိုလ်းနဲ့ရှယ်ရှယ်တို့ဇာတ်လမ်း

မန်ချက်စတာယူနိက်တက်အသင်းနည်းပြ အိုလေဂန်းနားဆိုလ်းရှားကတော့ ဒီနှစ်နွေအပြောင်းအရွေ့မှာ သူ့ရဲ့အချစ်တော်လို့တောင်ထင်ရတဲ့ လုပ်ချင်ရာလုပ်ပီးသွားရင် အလှဆုံးပြုံးနေတတ်သူ ရှယ်ရှယ်လေးကိုရက်စက်ရတော့မယ့် အခြေအနေဆိုက်နေပြီလို့ သိရပါတယ်။

ဘာကြောင့်လဲဆိုတော့ လက်ရှိမှာ ယူနိက်တက်က ပစ်မှတ်ထားနေတဲ့ ကစားသမား ၄ယောက်ဟာ အနဲဆုံးပေါင်သန်း ၂၀၀ကျော်လောက်ကျနိုင်တာဖြစ်ပြီး ဂလေဇာက အစွမ်းကုန် ပေါင်သန်း၁၅၀လောက်သာချထားပေးမယ်လို့ ညှိနှိုင်းနေရတာကြောင့် အသင်းအတွက် မလိုဘူးလို့ထင်ရတဲ့ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတွေကို ရောင်းထုတ်သွားဖို့ရှိနေတာပါ။

မာရှယ်ကလည်း ပြီးခဲ့တဲ့ရာသီက အရံခုံမှာ အချိန်ကုန်ခဲ့ရတာများပြီး ယူရိုပွဲလွဲခဲ့လို့မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာဖို့စဉ်းစားနေပြီလို့ အေးဂျင့်ဖာဇီယိုကဆိုထားပါတယ်။

ဒါ့အပြင်တစ်ရာသီလုံးမှာ တစ်ရာသီလုံးလောက်သာခြေစွမ်းမပေါ်ခဲ့တဲ့ မာရှယ်ဟာ ကာလရှည်ဒဏ်ရာရနေခဲ့ပြီးနောက်မှာ ပြန်လည်ကောင်းမွန်ခဲ့ပေမယ့် ယူရိုပြိုင်ပွဲမှာလည်း ရွေးချယ်မခံခဲ့ရပြန်ပါဘူး။

ဒါ့အပြင် ဒဏ်ရာပြဿနာကပြန်လာခဲ့တဲ့ သူ့ကို အရင်က ချစ်ခင်မျက်နှာသာပေးခဲ့ဖူးတဲ့ မကြီးဆိုလ်းဟာ အသင်းလူစာရင်းမှာ မထည့်ခဲ့တာကြောင့် ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ယူရိုပွဲကစားရမယ့်လူစာရင်းကနေ ဖယ်ထုတ်ခံခဲ့ရတယ်လို့ မာရှယ်က ယုံကြည်နေပါတယ်။

ဒါ့ကြောင့် လာမယ့်ဘောလုံးရာသီမှ မန်ယူအသင်းကနေထွက်ခွာဖို့ မာရှယ်က ဆုံးဖြတ်ထားပြီး
အသင်းဘက်ကလည်း နောက်ရာသီမှာသွေးသစ်လောင်းဖို့ မာရှယ်ကို‌ ရောင်းထုတ်သွားဖို့ စီစဉ်ထားပုံရပါတယ်။

မာရှယ်ဟာ ယခင့်ယခင်ကအလွန့်အလွန်ကောင်းတဲ့ခြေစွမ်းတွေပြခဲ့ဖူးတာမှန်ပေမယ့် နောက်ပိုင်းမှာ သူ့ခြေစွမ်းဟာ ပရိတ်သတ်တွေကို စိတ်ပျက်စေခဲ့တာလည်းဖြစ်ပါတယ်

အခုဆိုရင် ယူနိက်တက်ဂန္တဝင်ဟောင်းကြီးတွေက သူ့ကို အထောင်တိုက်စစ်မှူးမဟုတ်ဘူးလို့ ဝေဖန်နေကြပြီး သူ့ခြေစွမ်းနဲ့ပက်သက်ပြီး မေးခွန်းထုတ်နေကြတာလည်းဖြစ်ပါတယ်။

ယူနိက်တက်မှာ က ကာဗာနီကို အသက်ကြီးတဲ့အဘိုးကြီးလို့ဝေဖန်ခဲ့ကြပေမယ့် ကျောနံပါတ် ၇ကျိန်စာကို ချိုးဖျက်ပြခဲ့တဲ့ ကာဗာနီကတော့ “ငါမအိုသေးဆိုတဲ့ ဦးပေါင်ကြားနဲ့မြင်းကျားရှင်ထဲကလို”သူ့ခြေစွမ်းတွေကိုပြသခဲ့ပြီးဖြစ်ပါတယ်

ဒါကြောင့် ယူနိကက်တက်က အထောင်တိုက်စစ်မှူးလိုအပ်ချက်ရှိနေတဲ့အတွက် ကာဗာနီကိုနောက်တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်လိုက်ပါတယ်။

ဒီလိုစာချုပ်ချုပ်တဲ့အပြင် အခုနောက်ပိုင်းမှာ ပြန်လည်မွေးဖွားလာသလို ရှင်သန်ထမြောက်လာတဲ့ သစ်သားစိမ်းကလည်းခြေစွမ်းပြနေပြန်ပါတယ်။

ဒါ့အပြင် တိုက်စစ်နေရာမှာ ကာဗာနီဟာဆေးမြီးတိုသာဖြစ်နေသေးတဲ့အတွက် ဂုတ်သွေးစုပ်ဂလေဇာက ပရိတ်သတ်ကို ပျားရည်နဲ့ဝမ်းချဖို့ တိုက်စစ်မှူးထပ်ခေါ်ယူပေးမယ်လို့ဆိုထားပါတယ်။

ဒေးလီးမေလ်းရဲ့သတင်းအရ ယူနိက်တက်က ခုဆိုရင် မာရှယ်ကို ရောင်းချဖို့စဉ်းစားနေပြီး တကယ်လို့မရောင်းချခဲ့ဘူးဆိုရင်တောင် နောက်ရာသီမှာ မာရှယ်ကို အထောင်တိုက်စစ်မှူးနေရာကနေ ပြောင်းမယ်လို့ သိရပါတယ်။

မာရှယ်ခြေစွမ်းတွေဘယ်လောက်ပျက်ပျက် အပြုံးမပျက်ခဲ့တဲ့ မကြီးဆိုလ်းက မာရှယ်ရဲ့ အနာဂါတ်အတွက် ဆုံးဖြတ်ချက်တစ်ခုခုကို မဖြစ်မနေချရတော့မယ်ဆိုတာလည်း အထင်အရှားပါပဲ။

ဒီတော့ နောက်ရာသီမှာ ကိုယ့်အချစ်တော်ကိုယ်ရက်စက်မလားဆိုတာတော့ ယူနိက်တက်ပရိတ်သတ်ကြီးက ရင်ခုန်စွာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။မာရှယ်ကိုရောင်းမလား အထောင်တိုက်စစ်မှူးနေရာကပြောင်းမလားဆိုတာပေါ့.ဘယ်လိုထင်ပါသလဲ??

Leave a Comment

Your email address will not be published.