ဖာနန်ဒက်ရဲ့ အသင်းဖော်တွေပေါ် ဆက်ဆံပြုမူပုံကို ဒဲ့ဝေဖန်လိုက်တဲ့ လီဗာပူးဂန္တဝင်ဟောင်း

ဘရူနိုဖာနန်ဒက်က ထူးချွန်တဲ့ ကစားသမားဖြစ်ပေမယ့် အသင်းဖော်တွေနဲ့ဆက်ဆံပုံကိုသဘောမကျလို့ လီဗာပူးဂန္တဝင်ဟောင်းဖြစ်တဲ့ ဂရေမီဆောင်းနက်က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိက်တက်အသင်းမှာရော လက်ရှိကစားနေတဲ့ နိုင်ငံအသင်းဖြစ်တဲ့ ပေါ်တူဂီအသင်းမှာလည်း ထူးချွန်တဲ့ကစားသမားဆိုတာကို ဂရေမီဆောင်းနက်က ဝန်ခံပေမယ့် ဖာနန်ဒက်ရဲ့ အသင်းဖော်တွေကို ဆက်ဆံပုံကြောင့် သူ့အသင်းမှာဆို ဖာနန်ဒက်စ်ဟာ ၅မိနစ်တောင်ခံမှာမဟုတ်ဘူးလို့ ဆောင်းနက်က ဆိုပါတယ်။

ဘရူနိုဖာနန်ဒက်ဟာ မန်ချက်စတာယူနိက်တက်အသင်းမှာလည်း နိုင်ပွဲဆာလောင်ပြီး စိတ်ဓါတ်ပြင်းထန်တဲ့ကစားသမားဖြစ်သလို တခြားကစားသမားတွေနဲ့ပက်သက်ပြီး အော်ဟစ်ပြောဆိုတာတွေ လုပ်တတ်တဲ့အတွက် ယူနိက်တက်မှာလည်း ဦးစီးဦးဆောင်လုပ်နိုင်တဲ့ ခေါင်းဆောင်လိုမျိုး မန်ယူပရိတ်သတ်တွေက မြင်ထားကြပါတယ်။

မနေ့ညကပွဲဖြစ်တဲ့ ပေါ်တူဂီနဲ့ ဂျာမနီပွဲမှာ ပေါ်တူဂီတို့ဟာ ၄ဂိုး ၂ဂိုးရလာဒ်နဲ့ အရေးနိမ့်သွားခဲ့ရပြီး အဲ့ဒီပွဲမှာ မန်ချက်စတာကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ရဲ့ ဘောလုံးမရရင် အသင်းဖော်တွေကို ဆက်ဆံပုံ တုံ့ပြန်ပုံတွေနဲ့ပက်သက်ပြီး ဆောင်းနက်က သဘောမကျခဲ့ပဲ ခုလိုဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။

“သူကလုံးဝကို ထူးချွန်တဲ့ကစားသမားပါ။ သူနဲ့ပက်သက်ပြီး သဘောကျစရာတော့အများကြီးပါပဲ။ ဒါပေမယ့် ကျွန်တော့်အသင်းမှာဆိုရင်တော့ အဝတ်လဲခန်းမှာ ၅မိနစ်ထက်ပိုခံမှာမဟုတ်ဘူး။

သူကကစားသမားကောင်းပါ။ ဒါပေမယ့် ကစားသမားတစ်ယောက်က ကိုယ့်ကိုကိုယ် ဘယ်လိုထင်လဲဆိုတာနဲ့ပက်သက်ပြီး ဖြန့်ကြည့်ရင် ကိစ္စတွေအများကြီးရှိပါတယ်။

ကျွန်တော်တို့က အသင်းတစ်သင်းအနေနဲ့ ကစားတယ်။နိုင်ရင်လည်းအတူ ရှုံးရင်လည်းအတူဖြစ်ရမှာ၊ တခါတစ်လေဘောလုံးပေးပို့တာညံချင်လည်းညံကြမယ်။ လွတ်နေတာတွေမမြင်တတ်တာရှိရင်ရှိမယ်။

ဒါပေမယ့် ဒီလိုကိစ္စတွေဖြစ်နေရင်တောင် ခေါင်းတစ်ရမ်းရမ်း လက်တစ်ကာကာနဲ့ကိုယ့်အသင်းဖော်တွေကို ဆက်ဆံလို့မရပါဘူး။ ဒါကကျွန်တော့်အတွက်တော့လုံးဝNOလို့ငြင်းဆန်ရမယ့်ကိစ္စပါ”လို့ဆောင်းနက်က ဝေဖန်ပြောဆိုသွားခဲ့တာပါ။

ဖာနန်ဒက်ဟာလည်း မန်ချက်စတာယူနိက်တက်အသင်းမှာလည်း နိုင်ပွဲဆာလောင်တဲ့စိတ်ဓါတ်ကြောင့် အသင်းဖော်တွေကို တွန်းအားပိုပေးနိုင်အောင် စကားတွေ အပြုအမူတွေနဲ့လုပ်ဆောင်ခဲ့သူဖြစ်ပေမယ့် နိုင်ငံအသင်းမှာတော့ အဲ့ဒီလိုအမူအရာတွေ အပြုအမူတွေလာလုပ်တာဟာ လက်ခံစရာမရှိဘူးလို့ ဂရေမီဆောင်းနက်ကဆိုပါတယ်။

Leave a Comment

Your email address will not be published.