အင်္ဂလန်ကိုစိတ်ဓါတ်စစ်ဆင်ရေး လုပ်လိုက်တဲ့ အီတလီအသင်းခေါင်းဆောင်ချီလီနီ

အင်္ဂလန်ကို စိတ်ဓါတ်စစ်ဆင်ရေးလုပ်လိုက်တဲ့အကြောင်းမပြောခင် ချီလီနီ အကြောင်းသိထားသင့်တာရှိပါတယ်။ ချီလီနီဟာ စိတ်ပိုင်းဆိုင်ရာတောင့်တင်းပြီး စိတ်ပိုင်းဆိုင်ရာကို ထိုးစစ်ဆင်နွဲတတ်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာ နိုင်ငံခြားသတင်းတွေမှာ တွေ့နိုင်လို့ပါ

သတင်းကရိုးရိုးရေးရင်သတင်းပဲပေါ့ဗျာ။ များသောအားဖြင့်ဘောလုံးသတင်းဆိုတာက ကိုယ့်နိုင်ငံကိုယ့်ယဉ်ကျေးမှု ကိုယ့်ပရိတ်သတ်နဲ့ကိုက်တာကို ကွန့်ရတာမျိုးမဟုတ်လား။ ထားတော့။နိုင်ငံခြားကရေးတာကို ဒဲ့ကြီးဘာသာပြန်ပြီး ပျင်းစရာစာတွေဖတ်နေရသလို ခင်ဗျားတို့ဖတ်နေရတော့မှာစိုးလို့သတင်းကို အတွေးဆန့်ပြီး တချို့ဟာတွေကရေးရပါတယ်။ တခါတလေ.ဟာသ တခါတလေ အဆဲပေါ့။ ဒါကလည်း စာဖတ်သူအတွက်ပါပဲ။ ဆိုတော့အီတလီအသင်းခေါင်းဆောင်ချီလီနီ အင်္ဂလန်ကို စိတ်ဓါတ်စစ်ဆင်ရေးလုပ်တယ်ဆိုတာထက်အရင် စပိန်နဲ့ဖြစ်စဉ်ကိုကြည့်ကြည့်ရအောင်

အီတလီအသင်းခေါင်းဆောင်ချီလီနီဟာ စပိန်နဲ့ပွဲမှာ ပင်နယ်တီအဆုံးအဖြတ်ခံယူဖို့အတွက် ရွေးချယ်မှုပြုလုပ်နေစဉ်အတွင်းမှာ စပိန်အသင်းခေါင်းဆောင်ယော်ဒီအယ်လ်ဘာကို ဆိုက်ကိုနည်းအသုံးပြုကာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာစီးရယူနိုင်ခဲ့တယ်လို့ ချီးကျူးပြောဆိုခံခဲ့ရပါတယ်.

တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပြီးနောက်မှကွင်းဘက်ခြမ်းရွေးချယ်ဖို့၊ ဘယ်သူအရင်ကန်မလဲဆိုတာကို ရွေးချယ်ဖို့ ဒင်္ဂါးမြှောက်ကာပြုလုပ်ခါနီးမှာ ချီလီနီက စိုးရိမ်မှုမရှိတဲ့ဟန် ပေါ့ပါးသွက်လက်နေဟန် ပြသခဲ့ပြီး ရယ်မောနေခဲ့တာပဲဖြစ်ပါတယ်။

အကြွေစေ့မြှောက်ပြီး ရွေးချယ်မှုပြုလုပ်ခဲ့ပြီးနောက် အသင်းခေါင်းဆောင်နှစ်ဦးဟာ ကွင်းဘက်ခြမ်းအသီးသီးကို လက်ညိုးညွှန်ပြမှုတွေပြုလုပ်ခဲ့ကြပြီး အနည်းငယ်အငြင်းအခုန်ဖြစ်ခဲ့ကာ ဒိုင်လူကြီးကို အခက်တွေ့စေခဲ့ပါတယ်။

အဆုံးသတ်မှာ ချီလီနီက အနိုင်ရသွားခဲ့ပြီးနောက် စိတ်ကြိုက်ကွင်းဘက်ခြမ်းကို ရွေးချယ်နိုင်ခဲ့ပါတယ်။

ချီလီနီအနိင်ရသွားတာတော့ အီတလီပရိသတ်တွေရှိနေရာဘက်ဖြစ်ပြီး သူ အသာရခဲ့တဲ့နောက် ချီလီနီက အယ်လ်ဘာကို ပြုံးပြရယ်ပြနေခဲ့ပါတယ်။

အဲဒီနောက်မှာ အယ်လ်ဘာရဲ့ပါးကို လက်သီးနဲ့ခပ်ဖွဖွထိုးကာ ကျီစယ်ဟန်ပြုလုပ်ခဲ့ပြီး သူ့ရဲ့အမူအရာဟာ ယုံကြည်မှုပြည့်ဝနေသူတစ်ဦးလိုဖြစ်နေခဲ့ကာ စိတ်ပိုင်းဆိုင်ရာအရ ယော်ဒီအယ်လ်ဘာကို ထိုးနှက်အသာစီးရယူနိုင်ခဲ့တယ်လို့ Daily Mail က ဆိုပါတယ်။

အဲဒီနောက် ချီလီနီဟာ အယ်လ်ဘာနဲ့ ပွေ့ဖက်နှုတ်ဆက်ခဲ့ရာမှာလည်း ဝက်ဝံတကောင်က ပွေ့ဖက်ညှစ်သလိုမျိုး အယ်လ်ဘာကို ပြုလုပ်ခဲ့တယ်လို့ဆိုကြပါတယ်။

အယ်လ်ဘာကတော့ ချီလီနီရဲ့ အပြုအမူကြောင့် အနည်းငယ်စိတ်ကသိကအောက်ဖြစ်နေခဲ့တယ်လို့ ယူဆရပြီး စပိန်အားကစားတင်ဆက်သူတစ်ဦးဖြစ်တဲ့ Josep Pedrerol က ချီလီနီရဲ့ လုပ်ရပ်ဟာ စပိန်ကို အသာစီးသိသိသာသာရယူနိုင်ခဲ့တယ်လို့ တိုက်ရိုက်တင်ဆက်နေစဉ်အတွင်းမှာ ပြောဆိုခဲ့ပါတယ်။

ပင်နယ်တီကန်သွင်းရာမှာတော့ အီတလီက စတင်ကန်သွင်းရာမှာ လိုကာတယ်လီရဲ့ကန်ချက်ကို ဆိုင်မွန်က ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် စပိန်အတွက် အိုလ်မိုရဲ့ကန်ချက် မိုးပေါ်ထောင်တက်ခဲ့သလို မိုရာတာကန်သွင်းချက်ကိုလည်း ဒွန်နာရမ်မာ ကာကွယ်နိုင်ခဲ့လို့ နောက်ဂိုးအားလုံးဝင်ခဲ့တဲ့ အီတလီက အနိုင်ရရှိခဲ့ပြီး အသင်းခေါင်းဆောင်ချီလီနီရဲ့ ပင်နယ်တီကန်သွင်းဖို့ရွေးချယ်မှုမှာ အသာစီးရခဲ့မှုက အီတလီကို အကျိုးရှိစေခဲ့တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ဆိုတော့ဒါဟာ Mind Gameတစ်ခုရဲ့ Impactပေါ့ဗျာ..

ခုလည်းယူရို၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဗိုလ်လုပွဲရောက်တာနဲ့ ပတ်သက်ပြီး ချီလီနီက

“ဒီယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဗိုလ်လုပွဲရောက်မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ သူတို့ဟာ (၇) ပွဲ မှာ (၆) ပွဲ အိမ်ကွင်းမှာကစားခဲ့ရတာပဲလေ”ဆိုပြီးပြောသွားပါတယ်။

ဆိုလိုတာကတော့ အင်္ဂလန်ကို ဆိုက်ကို ကျွေးတာပါပဲ။ ဒါပေမယ့်လည်း အင်္ဂလန်က တုန်လှုပ်စရာမလိုပါဘူး။ဘာလို့ဆို အင်္ဂလန်မှာနဂိုတည်းက နဲနဲလွတ်နေတဲ့ ဆောက်ဂိတ်ရဲ့ ဘာမှန်းမသိတာတွေလာနိုင်လို့ပါပဲ…အားလုံးအဆင်ပြေကြပါစေဗျာ

#RED_DEVIL
#DBK

Leave a Comment

Your email address will not be published.