အစီအစဉ်တင်ဆက်သူ ဦးကျော်သက်လင်းကတော့ စစ်အစိုးရပိုင် MRTV ရုပ်သံဌာနမှာ သတင်းကြေငြာသူတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဦးကျော်သက်လင်းဟာ MRTV ရုပ်သံဌာနမှာ ပထမဦးဆုံး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ယောက်ဖြစ်ကာ လက်ရှိမှာလည်း လွတ်မြောက်နယ်မြေမှာနေထိုင်ရင်း စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်တော်လှန်နေတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဦးကျော်သက်လင်းက MRTV ရုံးထဲက လက်ဖက်ရည်ဆိုင်မှာထိုင်နေရင်း သက်စွန့်စံဖျားထွက်ပြေးခဲ့ရတဲ့ သူ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။ ၂၀၂၁ ဖော်ဖော်ဝါရီလ ၁၁ရက် ညနေ၃နာရီမှာ BBCနဲ့ အင်တာဗျူးဖြေပြီး ရုံးထဲက ဝန်ထမ်းဆိုင်လေးမှာ ညီလေးတွေနဲ့လဘ္ဘက်ရည်ဆိုင်အတူထိုင်ဖြစ်တယ်။ ပဲကြမ်းသုတ်စား ကော်ဖီမစ်လေးသောက်နေတုန်းမှာပဲ။
Double Cub အဖြူတစ်စီးဘေးကဖြတ်သွားတယ်။ လမ်းမီးရောင်မှာ နောက်ခန်းထဲလှမ်းကြည့်မိတော့ သေနတ်ပြောင်းလိုလို စစ်ခမောက်တွေလိုလိုတွေ့တာနဲ့ မသက်ာဖြစ်ပြီး အဲဒီဆိုင်နောက်ထဲဝင်ရှောင်နေလိုက်တယ်။ ဖုန်းမက်စေ့တစ်ခုဝင်လာတယ် အစ်ကိုပြေးတော့တဲ့။ အစ်ကို့ကိုမေးနေကြတယ်တဲ့.
ဒါနဲ့ သူများအိမ်နောက်ဖေးတွေကနေတဆင့် တောထဲတွေဝင်ပြေးရတော့တာပေါ့။ ကူညီခဲ့တဲ့သူတွေကိုလည်းကျေးဇူးမမေ့ပါဘူး။ အချိန်က ည ၉ နာရီ လမ်းဘေးမြောင်းတွေကနေ တောထဲ အဲဒီကနေ တဆင့် ပြေးရင်း လျှောက်ရင်းပြုတ်ကျရင်းလဲရင်းနဲ့ပဲ သကြားစက်နားကခြုံထဲဝင်တိုးရင်း ဆူးတွေနဲ့ငြိပြီးပြန်ထွက်မရ ဓာတ်မီးရောင်ကတည့်တည့်လာ ခွေးကဟောင် အဓိဌာန်နဲ့ရွတ်တဲ့ပဌာန်က မရွတ်ရသေး။ ညက ၁၁နာရီကျော်လာတော့ ကိုယ့်ရင်ခုန်သံကိုယ်ပီပီသသကြားရအောင် ထိတ်လန့်နေတဲ့ကြားကခြုံထဲမှာပဲ ပဌာန်းကို ဟိုရောက်ဒီရောက်နဲ့ရွတ်ရင်း အမောဆို့အိပ်ပျော်။
လန့်နိုးတော့ ည၁နာရီ ခြုံထဲက ဆူးအခြစ်ခံပြီးတိုးထွက်ကာလမ်းပေါ်တက်တော့ ခွေးကထိုးဟောင် ရေကငတ် ပထမဆုံးအကြိမ် သူများအိမ်ရှေ့ရေစည်ထဲက ရေကိုအငမ်းမရသောက်ပြီး လမ်းဆက်လျှောက်။ ကားမီးရောင်မြင်လိုက် လမ်းဘေးဆင်းလိုက် မီးရောင်ကျော်သွားလိုက် လမ်းပေါ်ပြန်တက်လိုက်နဲ့ ကွေ့ကြီးရွာနားရောက်လာတယ်။ မနက်၃နာရီထိုးပြီ။ ပေါင်တွေကနာ ခြေသလုံးတွေတောင့် ဗိုက်ကဆာ ရေကပြန်ငတ် အေးတာကလည်း ခိုက်ခိုက်တုန် ဒီကြားထဲမိုးကရွာသေး ။
ဒီလိုနဲ့ အတွင်းမှာမီးလင်းနေတဲ့အိမ်ဆိုင်တဆိုင်ရှေ့ရောက်တော့ ဆိုင်ရှင်တွေကိုနှိုးပြီး ကျွဲရိုင်းတဗူးအငမ်းမရသောက် ပေပွနေတဲ့ကိုယ့်ကိုကြည့်ပြီး အစ်ကို့ကိုသိတယ် မြင်ဘူးတယ် ဘယ်သွားမလို့တုန်းဆိုတော့ ကားပျက်နေလို့ အမြန်လမ်းမှာ ကားလာခေါ်တာဆိုတော့ သူတို့မှာ လိုက်ထရပ်ကားလေးရှိတယ် ဆွဲပေးရမလားတဲ့။
အဲဒါနဲ့မုသားသုံးကာပြောပြီး ပါတဲ့ပိုက်ဆံသုံးသောင်းကို ကားခပေးခေါ်လာရတယ်။ အမြန်လမ်းမရောက်ခင် မိုင်ဝက်လောက်ကျတော့ မလိမ်ချင်တော့တာနဲ့ ဒီမှာပဲရပ်တော့ ကိုယ်ပြေးလာရတာ၊ ဂိတ်မှာအစစ်အဆေးခံရရင် မင်းပါ ပါလိမ့်မယ်ဆိုပြီး ပြန်လှည့်ခိုင်းလိုက်တယ်။ ကိုယ်ကတော့ တစ်ခါမှမရောက်ဘူးတဲ့တောင်တွေပေါ်တက်ပြီး ဂိတ်ကိုရှောင်ခဲ့လိုက်တယ်။ ပင်ပမ်းလိုက်တာဆိုတာ နာလိုက်တဲ့ခြေထောက်အိပ်ကငိုက်လာအချိန်က မနက်၆နာရီမနက်၇နာရီခွဲတော့ အမြန်လမ်းပေါ်က ကားသံကြားရပြီ။
ဒါပေမယ့် တောင်ပေါ်သရက်ခြံက ခြံစောင့်ကတွေ့ပြီး လေးခွနဲ့ချိန်ပါလေရော။ ကိုဗစ်ကြောင့် ဂိတ်ကိုရှောင်လာတာပါပြောပြီး မိသားစုအခြေအနေအရ ရန်ကုန်ပြန်ချင်လို့ပါပြောပြတော့မှ အမြန်လမ်းဘက်ဆင်းတဲ့လမ်းကိုပြပါတယ်။
နောက်ထပ် တောင်ကုန်းနှစ်လုံးကျော်မှအမြန်လမ်းပေါ်ရောက်ပါတယ်။ မနက်၉နာရီထိုးပြီ။ အအေးဓာတ်ကမလျော့သေး။ ကိုယ်ဆင်းမယ့်နေရာမှာ ဆိုင်ကယ်ဈေးသည်နှစ်ယောက် မီးလှုံနေတာနဲ့ သူတို့ထွက်မှ လမ်းပေါ်ဆင်းခဲ့ရပါတယ်။ ကံကောင်းတာက လမ်းပေါ်ဆင်းတာနဲ့ပရိုဘောက်ကားလေးတန်းရ ကံဆိုးတာက ၆မိုင်လောက်ပဲစီးလိုက်ရပါတယ်။ ကျနော်မှန်းလည်းသိတယ်။
အင်တာဗျူးတွေလည်းကြည့်တယ်။ ပြေးလာရတာမှန်းလည်းခန့်မှန်းမိတော့ကြောက်လို့ပါဆိုပြီး တောင်းပန်ကာ လမ်းပေါ်မှာပြန်ချထားခဲ့ကြတယ်။ တကယ့်ကို နာကျင်ရပါတယ်။ ခြေထောက်တွေကတအားနာနေပြီအိပ်ကလည်းတအားအိပ်ချင်နေပြီဗိုက်ကလည်း အရမ်းဆာလောင်နေပြီနေရောင်ပြင်းပြင်းပူလာတဲ့အချိန်မှအရိပ်မဲ့လမ်းမကြီးဘေးကနေ ဖုန်တလုံးလုံးနဲ့ လျှောက်ရဦးမယ်။
နောက်ထပ်လည်း ကားမတားရဲတော့ လျှောက်ရင်း နားရင်းနဲ့ပဲ ရမည်းသင်းကျော်တော့ စပျစ်သီးဆိုင်လေးတွေ့.( ဆက်ပါဦးမည် )