စစ်ကောင်စီခေါင်းဆောင် လူမြင်ကွင်းက ပျောက်နေတဲ့အကြောင်းရင်းက See more

စစ်ကောင်စီခေါင်းဆောင် လူမြင်ကွင်းက ပျောက်နေတာ တပတ်ကျော်ကြာပြီ

By ဧရာဝတီ 8 March 2022

မြန်မာနိုင်ငံတွင် စိတ်ဝင်စားစရာကောင်းသော ဖြစ်ပေါ်တိုးတက်မှုဖြစ်နေသည်။ စစ်အာဏာသိမ်းခေါင်းဆောင် လူမြင်ကွင်းမှ ပျောက်နေခြင်းဖြစ်သည်။

အများပြည်သူမြင်ကွင်းမှ သူပျောက်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိသော အကြောင်းအမျိုးမျိုး ပြောဆိုနေကြသည်။ သူ ကိုဗစ်နိုင်တင်း ကူးစက်ခံရသည်ဟု အချို့သတင်းရင်းမြစ်များကပြောစဉ် အချို့က သူသည် ခါးရိုးကင်ဆာ ခံစားနေရသည်ဟု ဆိုသည်။

သို့သော် သေချာသည့်ကိစ္စမှာ ရွေးကောက်ပွဲမသမာမှုများကို အကြောင်းပြကာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရအား ဖြုတ်ချပြီး လွန်ခဲ့သောနှစ်က အာဏာသိမ်းခြင်းကို ငြင်းဆန်သူ ၁၅၀၀ ကျော်အား သတ်ဖြတ်ခဲ့ သော စစ်ခေါင်းဆောင်သည် အများပြည်သူ မြင်ကွင်း၌ မတွေ့ရသည်မှာ တပတ်ကျော်ကြာပြီဆိုသည့် အချက်ဖြစ်သည်။

မင်းအောင်လှိုင်၏ လှုပ်ရှားမှုများကို လေ့လာစောင့်ကြည်နေသူများက သူသည် အများပြည်သူမြင်ကွင်းနှင့် ကင်းကွာပြီး ကာလကြာမြင့်စွာနေလေ့ မရှိကြောင်း သတိထားမိသည်။ အာဏာသိမ်းပြီးနောက် လွန်ခဲ့သော နှစ်အတွင်း သူ ရက်အနည်းငယ် ပျောက်သွားသည့် အချိန်အနည်းငယ်သာ ရှိသည်။ ထုံးစံအားဖြင့် သူသည် အစိုးရအဖွဲ့အစည်းအဝေးများတွင် ပြန်ပေါ်လာပြီး ရှည်လျှား လုံထွေးနေသောမိန့်ခွန်းများပြောပြီး ပြန်ပေါ်လာသည် သို့မဟုတ် စစ်စခန်းတခုတွင် ပြန်ပေါ်လာပြီး သူ၏အာဏာသိမ်းမှုသည် မည်သည့်အတွက် တရားဝင်သည်ကို သူ၏လက်အောက်ငယ်သားများနှင့် မိသားစုများကို ရှင်းပြတတ်သည်။

သို့သော် သူသည် တပတ်လုံးပျောက်နေတတ်ခြင်း မရှိပေ။

သူ့ကို ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ဘာသာရေးအခမ်းအနားတခုတွင် အဆင့်မြင့်စစ်ကောင်စီဝင်များနှင့်အတူ နောက်ဆုံးတွေ့ရသည်။ ထိုနောက်တွင် သူ့ကို အရိပ်အရောင်ပင် မတွေ့ရသလို နိုင်ငံတွင် ရှည်ကြာသော ဓါတ်အားပြတ်တောက်မှုများဖြစ်ကာ ကုန်ဈေးနှုန်းများ မိုးထောင်တက်နေစေကာမူ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့သည် မည်သည့်အစည်းအဝေးမျှလည်း ကျင်းပခြင်း မရှိတော့ပေ။

ယခုအပတ်အတွင်း ပဲခူးတိုင်းပြည်မြို့သို့ သွာရောက်မည့် သူ၏ ခရီးစဉ်ကို နောက်ဆုံးအချိန်ရောက်မှ ဖျက်သိမ်းလိုက်သောအခါ ထိုပဟေဠိသည် ပိုမိုနက်ရှိုင်းလာကြောင်း စစ်တပ်သတင်းရင်းမြစ်များ ပြောသည်။ မင်းအောင်လှိုင်သည် ဖြေရှင်းရမည့် ပြဿနာ ကြီးကြီးမားမား မရှိလျှင် ခရီးစဉ်များကို ရွှေ့ဆိုင်း ဖျက်သိမ်း လေ့မရှိသူဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင် အများပြည်သူမြင်ကွင်းမှ ထူးထူးခြားခြားပျောက်ကွယ်နေခြင်းကြောင့် ဖြစ်ပေါ်လာသည့် အွန်လိုင်းတုံ့ပြန်မှုများတွင် သူသည် ခါးရိုးကင်ဆာခံစားနေရသည်ဆိုသည့် အချက်လည်း ပါဝင်လာသည်။

မည်သည့်အကြောင်းကြောင့် အများပြည်သူမြင်ကွင်းမှပျောက်ကွယ်နေသည်ဖြစ်စေ သူ့ကို မတွေ့ရသောကြောင့် သူ၏ စစ်အာဏာရှင်စနစ်အောက်တွင် ပြင်းထန်သောအခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာပြည်သူများက ဝမ်းသာကြသည်။ မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး လူမှုကွန်ရက် ပလက်ဖေါင်းဖြစ်သော Facebook တွင် အသုံးပြုသူအများအပြားက သူပျောက်ကွယ်နေသည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။

မြန်မာပြည်သူအများအပြား၏ သူ့အပေါ်မုန်းတီးမှုသည် နက်ရှိုင်းလှပြီး သူ ကျဆုံးသည်ကိုမြင်လိုသော ဆန္ဒကလည်း ပြင်းထန်လွန်းကာ ဝေဖန်ပြောကြားချက် အများအပြားကို သူကိုယ်တိုင်ဖတ်မိလျှင် မင်းအောင်လှိုင် နှလုံးဖေါက်သွားနိုင်သည်။ Facebook အသုံးပြုသူအများအပြားက မင်းအောင်လှိုင်သေစေလို သောပြည်သူ့ဆန္ဒသည် နောက်ဆုံးတွင် ပြည့်ဝသွားမည်ဟု မျှော်လင့်ကြောင်း ရေးသားကြသည်။

အချို့သူများ၏ ဆန္ဒကမူ ထိုမျှမကပေ။ “အခု မသေနဲ့။ ခင်ဗျားကို ကျနော်တို့ ကြိုးပေးတဲ့အထိ စောင့်” ဟု ဝေဖန်ချက်တခုကရေးသားထားသည်။

Leave a Reply

Your email address will not be published.